အခြေခံဥပဒေပြင်ရေး လူထုဆန္ဒ လက်မှတ်တွေ ရက်၅၀ကျော်ကြာ ကောက်မယ်။

Image caption အခြေခံ ဥပဒေ ပြင်ဆင်ရေးကို လူထုအားနဲ့ တောင်းဆိုဖို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်လာ

၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး လူထုသဘောထား လက်မှတ် ကောက်ယူမှုတွေကို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး မေလ ၂၇ရက်နေ့က စလို့ ဇူလိုင်လ ၁၉ ရက်နေ့အထိ ၅၃ ရက်ကြာ နိုင်ငံတဝှမ်း ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။

NLD ဗဟို ရုံးချုပ်နဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ရုံးချုပ်တို့မှာ မနက် ၉နာရီကစလို့ လက်မှတ်တွေ ကောက်ခံသွားမှာ ဖြစ်ပါတယ်။

အခြေခံ ဥပဒေ ပြင်ဆင်ရေးမှာ တပ်မတော်သားတွေ၊ တပ်မတော်သား မိသားစုဝင်တွေလည်း ပါဝင် လက်မှတ် ရေးထိုးကြမယ်လို့ မျှော်လင့်ထားကြောင်းနဲ့ သူတို့ လက်မှတ် ရေးထိုးနိုင်အောင် သီးခြား စုဝေးရာ နေရာတွေ လုပ်ပေးဖို့ စီစဉ်ထားကြောင်းကိုလည်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုဌေးကြွယ်က ဘီဘီစီကို ပြောပြပါတယ်။

အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေးမှာ အခရာ ကျတဲ့ ပုဒ်မ ၄၃၆ကို စတင် ပြောင်းလဲဖို့ NLD နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး လူထုလှုပ်ရှားမှုတွေ ပြုလုပ်လာနေတာ ဖြစ်ပါတယ်။

အခြေခံ ဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု လွှတ်တော် ကော်မတီ ကလည်း ပြီးခဲ့တဲ့ မေ ၁၅ ရက်နေ့က စလို့ လွှတ်တော်တွင်းမှာ အစည်းအဝေး ခေါ်ယူ ဆွေးနွေး နေကြပါတယ်။

ဒါပေမယ့်လည်း အခြေခံ ဥပဒေ ပြင်ဆင်ရေး လူထု ဟောပြောပွဲတွေမှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေကို ဒေါ်အောင်ဆန်း စုကြည်က စိန်ခေါ်ပြောဆိုမှုတွေ လုပ်ခဲ့တာဟာ အခြေခံ ဥပဒေက ခွင့်ပြုထားတဲ့ ဘောင်ကို ကျော်လွန်ရာ ရောက်တယ် ဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မေလ ၂၂ရက်နေ့ ရက်စွဲနဲ့ အကြောင်းကြားစာ တစောင် ပေးပို့ထားပါတယ်။