နိုင်ငံလုံး လူငယ်ရေးရာ စင်တာတွေ ဖွင့်ရေး

_myanmar_youth
Image caption အာဆီယံလူငယ်ဖိုရမ်တုန်းက လူငယ်တွေ တွေ့ခဲ့စဉ်က ASEAN Youth Forum 2014 ဓာတ်ပုံ

နိုင်ငံလုံးဆိုင်ရာ လူငယ်ရေးရာ အဖွဲ့ National Youth Centre တွေ တပြည်လုံးအနှံ့ ဖွင့်လှစ်နိုင်ဖို့ အတွက်၊ နိုင်ငံရေးနဲ့ လူမှုရေး နယ်ပယ် အသီးသီးက လူငယ် အဖွဲ့ ၁၀၀ ကျော်ရဲ့ ကိုယ်စားလှယ်တွေဟာ၊ ရန်ကုန်မြို့မှာ စတင်ဖွင့်ဖို့ လျာထားထားတဲ့ အင်းစိန်မြို့နယ်ရှိ တိရိစ္ဆာန် မွေးမြူရေးနဲ့ ကုသရေး တိမွေးကု တက္ကသိုလ်ဝင်းထဲမှာ၊ မနေ့က တွေ့ဆုံခဲ့ကြ ပါတယ်။

၂၀၁၂ ခုနှစ်၊ မြန်မာလူငယ်ဖိုရမ် ပြုလုပ်ခဲ့ပြီး နောက်ပိုင်း ကတည်းက၊ ဒီလို လူငယ်စင်တာတွေ ဖွင့်ဖို့နဲ့ လူငယ်ရေးရာ ဝန်ကြီးဌာန တစ်ခု ထားရှိပေးဖို့၊ အစိုးရကို တောင်းဆို လာခဲ့ကြတာပါ ဆိုပြီး၊ ဖြစ်မြောက်ရေး လှုပ်ရှား ဆောင်ရွက်နေတဲ့ ကိုသက်ဆွေဝင်းက ဘီဘီစီကို ပြောပါတယ်။

လူငယ်စင်တာ ဖွင့်ရေးနဲ့ ပတ်သက်ပြီး၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက မနှစ်က မီးစိမ်းပြလာခဲ့တဲ့ အတွက်၊ တိုးတက်မှုတစ်ရပ် အနေနဲ့ ယူဆရမှာ ဖြစ်သလို၊ အသင်း ဖွဲ့စည်းပုံ မူဝါဒရေးရာတွေမှာ အစိုးရက စွက်ဖက်မှု မရှိဘူးလို့ ကိုသက်ဆွေဝင်းက ပြောပါတယ်။

ဒါပေမယ့်၊ ဗဟိုအစိုးရ အနေနဲ့ လူငယ်စင်တာ ဖွင့်ရေးနဲ့ ပတ်သက်ပြီး သဘောတူပေမယ့်၊ တပြည်လုံး အနှံ့ ဖွင့်လှစ်နိုင်ဖို့ အတွက် ဆိုရင်တော့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီသီးမှာ ရှိကြတဲ့ အစိုးရ အဖွဲ့တွေရဲ့ သဘောထား အပေါ် မူတည် နေသေးကြောင်း လည်း ကိုသက်ဆွေဝင်း က သုံးသပ်ပါတယ်။

ဒီလို လူငယ်စင်တာ တွေ ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် ဟာ၊ လူငယ်တို့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ကြ ဖို့ ရည်ရွယ်ပြီး၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ ဟောပြောမှုတွေ ဆွေးနွေးဖလှယ်မှုတွေ စင်တာမှာ လုပ်ဖို့ မကန့်သတ်ဘူးလို့ လည်း ဆိုပါတယ်။

အသင်းဖွဲ့စည်းပုံနဲ့ မူဝါဒကို တစ်လအတွင်း ရေးဆွဲသွားဖို့ ရှိပြီး၊ အားလုံး သဘောတူမှု ရပြီးရင်၊ အစိုးရကို တင်ပြသွားမယ် လို့ ကိုသက်ဆွေဝင်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ