ထိုင်းအရေး ဦးသိန်းစိန်ထံ စာပို့မယ်

_myanmar_journalist_network_
Image caption Myanmar Journalist Network

ထိုင်းအာဏာသိမ်း စစ်တပ်က၊ ထိုင်း သတင်းသမား အချို့ ကို ဖမ်းဆီး ထိန်းသိမ်း ထားတာ နဲ့ ပတ်သက်ပြီး၊ မြန်မာ ဂျာနယ်လစ် ကွန်ယက်အဖွဲ့ အပါအဝင် မြန်မာ မီဒီယာ သမားတွေ နဲ့ အာဆီယံ လူငယ်ဖိုရမ်ထဲ ပါဝင်ကြသူ တွေ စုပေါင်းပြီး၊ သဘောထား ထုတ်ပြန်သွားဖို့ ရှိသလို၊ လက်ရှိ အာဆီယံ ဥက္ကဌ တာဝန်ယူထား တဲ့ မြန်မာနိုင်ငံ ရဲ့ အစိုးရ အကြီးအကဲ သမ္မတ ဦးသိန်းစိန်ထံ ကိုလည်း စာပေးပို့မယ် လို့ မြန်မာဂျာနယ်လစ် ကွန်ယက်ရဲ့ အတွင်းရေးမှူး ကိုအောင်သူရ က ဘီဘီစီကို ပြောပါ တယ်။

မြန်မာ သမ္မတ ကတော့ ထိုင်းစစ်တပ် အာဏာသိမ်းမှု နဲ့ ပတ်သက်ပြီး၊ အခုအချိန် ထိ နှုတ်ဆိတ်နေ တာဟာ၊ ပြည်တွင်း ရေး ဝင်ရောက် မစွက်ဖက်ရ ဆိုတဲ့ အာဆီယံမူ ကြောင့်လား လို့ ယူဆစရာ ဖြစ်ပေမယ့်၊ ထိုင်းစစ်တပ် အာဏာ သိမ်းသိမ်းချင်း မှာပဲ အင်ဒိုနီးရှား နဲ့ ဖိလစ်ပိုင် တို့လို ဒေသတွင်း နိုင်ငံတွေ က စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ ပါတယ်။

ထိုင်းနိုင်ငံ နဲ့ မြန်မာနိုင်ငံဟာ စီးပွားရေးအရ အတော် ပတ်ပတ်သက်သက် ရှိနေကြ သလို၊ ဓာတ်ငွေ့ လို လောင်စာ အရင်းအမြစ်မျိုး ကို မြန်မာနိုင်ငံ ဆီကနေ ထိုင်းတို့ အားထား ရယူ နေရတာမျိုး ရှိပြန်တော့၊ အာဆီယံ ဥက္ကဌလည်း ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ တိုက်တွန်း ပြောဆိုမှုဟာ၊ အာဏာသိမ်း ထိုင်းစစ်တပ် ရဲ့ လုပ်ဆောင်မှု တချို့ကို အပြုသဘော နဲ့ ဝေဖန် အကြံပြု နိုင်လောက်တယ် ဆိုတဲ့ ပြောဆို နေမှုတွေလည်း ရှိနေပါတယ်။

မြန်မာပြည်တွင်း စာစောင်တွေ မှာ ထိုင်းစစ်တပ် အာဏာသိမ်းမှု ကို မျက်နှာဖုံးသတင်း တင်ပြီး ဖော်ပြ ခဲ့ကြတာတွေ ရှိပေမယ့်၊ အဖြစ်အပျက် တစ်ခုလုံး ကို ခြုံငုံသုံးသပ် ရေးသားမှုမျိုး တော့ နည်းပါးကြောင်း ထရူးနယူးစ် ဂျာနယ် ရဲ့ အမှုဆောင် အရာရှိချူပ် ဖြစ်တဲ့ ကိုသောင်းထိုက် က ပြောပါတယ်။

ဒါကလည်း အခြေခံ ဥပဒေပြင်ဆင်ရေး လို၊ အားကောင်းတဲ့ ပြည်တွင်းအရေး အကြောင်း အရာတွေ ပေါ်ပေါက် နေချိန် မို့ ဖြစ်နိုင်ပေမယ့်၊ ထိုင်းစစ်တပ် အာဏာသိမ်းတဲ့ အကြောင်းကလည်း မြန်မာပြည်ရေး နဲ့ နှိုင်းယှဉ်ကာ၊ ဆင်ခြင် အတု ယူဖွယ်ရာတွေ ရှိတဲ့အတွက် သတိထား လေ့လာသင့်တဲ့ အကြောင်းအရာ ဖြစ်တယ်လို့လည်း ကိုသောင်းထိုက် က မှတ်ချက်ချပါတယ်။

အခု လောလောဆယ် မှာတော့ မြန်မာ နဲ့ ထိုင်းနယ်ခြားက တရားဝင် နယ်စပ်ဂိတ်တွေ ဆက်လက် ဖွင့်ထားပေမယ့်၊ တရားဝင်လို့ အသိအမှတ် ပြုမထားသော်လည်း နယ်စပ်ကုန်သွယ်ရေး မှာ အဓိကကျတဲ့ ကုန်စည် စီးဆင်းရာ ကုတို့ ဆိပ်ကမ်းတွေ ကို ထိုင်းဘက်က ပိတ်ထားတယ်လို့ ထိုင်းမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် က သတင်းပေးပို့ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ