RSO သူပုန်တွေနဲ့ မြန်မာ ဘင်္ဂလား နယ်စပ်မှာ တိုက်ပွဲ ထပ်ဖြစ်

RSO ဓာတ်ပုံ မူပိုင် rso
Image caption RSO သူပုန်တွေက နယ်စပ် ဖြတ်ကျော် လာပြီး တိုက်ခိုက်

မေလ ၂၈ ရက် မနက် ၉ နာရီက မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ် မိုင်တိုင် အမှတ် ၅၂ အနီးမှာ RSO သူပုန် တွေနဲ့ မြန်မာ အစိုးရ စစ်တပ် အကြား တိုက်ပွဲ ဖြစ်ပွား ခဲ့တဲ့ အတွက် အသေ လူအပျောက်တွေ ရှိခဲ့ပါတယ်။

ဒီတိုက်ပွဲအတွင်း တစ်ဘက် နိုင်ငံက ဝင်ရောက် လာတဲ့ အာရ်အက်စ်အို မွတ်ဆလင်အဖွဲ့ဝင် တစ်ယောက်ကို လက်နက်တွေနဲ့ အတူ အသေ ဖမ်းမိ ခဲ့တယ်လို့ မောင်တောမြို့နယ်ရဲမှူးကြီးက ဘီဘီစီကို အတည်ပြု ပြောပါတယ်။

ဖမ်းမိတဲ့ လက်နက် အမျိုးအစားက M22 ဖြစ်ပြီး ကျည်ကပ် ၄ ခုနဲ့ ကျည်ဆံ ၉၈ တောင့်ကို သိမ်းဆည်း ရမိတယ်လို့ ဆိုပါတယ်။

ခမရ ၃၅၂ ၊ စစ်ကြောင်း ၁ က ဗိုလ်ဇော်မိုးအောင် ဦးစီးတဲ့ အစိုးရ တပ်ဖွဲ့နဲ့ နာရီဝက် ကြာတိုက်ပွဲ ဖြစ်ခဲ့တာ လို့လည်း သူကပြောပါတယ်။

အခု ဖြစ်ပွားတဲ့ တိုက်ပွဲဟာ ဒီလ အတွင်း တတိယ အကြိမ်မြောက် ဖြစ်ပြီး မေလ ၁၇ ရက်နေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ မြန်မာ အစိုးရ ဘက်က နယ်ခြားစောင့် ရဲတပ်ဖွဲ့ ၀င် လေးယောက် ကျဆုံးခဲ့ရပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်မှာ တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်လာတဲ့ အတွက် နယ်စပ် တလျှောက်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံ လုံခြုံရေး တပ်ဖွဲ့တွေကို တိုးမြှင့် ချထားတာ တွေလည်း ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ