ဂျပန်စစ်ဦးစီးချူပ် ခရီးစဉ်

_japan_military_parade ဓာတ်ပုံ မူပိုင် Reuters
Image caption ဂျပန် စစ်ရေးပြ အခမ်းအနား

ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း မြန်မာနိုင်ငံ ကို လာရောက်တဲ့ အဆင့်မြင့်ဆုံး ဂျပန် စစ်ဘက် ခေါင်းဆောင် အဖြစ်၊ ဂျပန်နိုင်ငံ ကာကွယ်ရေး တပ်များရဲ့ စစ်ဦးစီးချူပ် ဗိုလ်ချူပ်ကြီး ရှီဂဲယု အီဝါဆာကီ ဟာ၊ မြန်မာနိုင်ငံ မှာ ၄-ရက်တာ ခရီး ရောက်ရှိ နေပြီး၊ မြန်မာ ကာကွယ်ရေး ဦးစီးချူပ် ဗိုလ်ချူပ်မှုးကြီး မင်းအောင်လှိုင် နဲ့ နေပြည်တော် မှာ တွေ့ဆုံခဲ့ပါ တယ်။

ဂျပန်-မြန်မာ နှစ်နိုင်ငံအကြား စစ်ရေး ဆက်ဆံမှု ပြန်လည် ထူထောင်ကြမယ် လို့ ဆိုပါတယ်။

ဒီခရီးစဉ် ဟာ ဂျပန်နိုင်ငံ ရဲ့ စစ်ရေး နိုင်ငံရေး ရည်မှန်းချက် တွေ ပေါင်းစပ် ပါဝင်နေတဲ့ မဟာဗျူဟာမြောက် ခရီးစဉ်အဖြစ်၊ ဂျပန်နိုင်ငံ ကန်ဒ တက္ကသိုလ် က သမိုင်း ပါမောက္ခ ဒေါက်တာ အေးချမ်းက သုံးသပ်ပါတယ်။

အရှေ့နဲ့ တောင် တရုတ်ပင်လယ် တို့မှာ၊ ဂျပန်နဲ့ တရုတ်၊ တရုတ်နဲ့ အရှေ့တောင်အာရှ နိုင်ငံတွေ အကြား၊ နယ်မြေပိုင်နက် သတ်မှတ်မှု ဖြေရှင်းမရနိုင် ဖြစ်နေကြတဲ့ အချိန်မှာ၊ အိန္ဒိယ သမုဒ္ဒရာထဲ ကို တရုတ်ရေတပ် ဝင်ရောက် ပြီး၊ နှစ်ဘက်ကနေ ညှပ်ပိတ် လာနိုင်မှာ ကို ဂျပန်က စိုးရိမ်ရ တဲ့ အနေအထားမှာ ရှိနေတယ်လို့ လည်း ဒေါက်တာ အေးချမ်း က ပြောပါတယ်။

ဒီလို မလက္ကာ ရေလက်ကြား၊ ဘင်္ဂလား ပင်လယ်အော် နဲ့ အိန္ဒိယ သမုဒ္ဒရာ ရဲ့ မဟာဗျူဟာ ကျမှု အပေါ် ဂျပန် နိုင်ငံက သဘောပေါက် ထားတဲ့ အတွက်၊ မြန်မာနိုင်ငံ နဲ့ စစ်ရေးအရ ဆက်ဆံရေး ကောင်းမွန်ဖို့ ဂျပန်က လိုလား တာ ဖြစ်နိုင်ပါ တယ်။

ဂျပန်ဟာ အမေရိကန် နဲ့ စစ်ရေး မဟာမိတ် ဖြစ်တဲ့ အတွက်၊ ဂျပန်ရဲ့ မဟာဗျူဟာမြောက် ရှေ့တိုး လာမှုတွေမှာ၊ အမေရိကန် လည်း နောက်က ပါလာမှာကို တွက်ချက်ပြီး၊ အခုလို ဂျပန်-မြန်မာ စစ်ရေး အရ ဆက်ဆံမှု တည်ဆောက်တာ အပေါ် တရုတ် အနေနဲ့ စိုးရိမ်မှုတွေ ရှိလာနိုင်တယ် လို့ ဒေါက်တာ အေးချမ်းက ဆိုပါတယ်။

ဒါပေမယ့် နိုင်ငံတကာ ဆက်ဆံရေးမှာ တရုတ်ရဲ့ အကာအကွယ် အမြဲရခဲ့တဲ့ မြန်မာအစိုးရ အနေနဲ့၊ တရုတ်နဲ့ မိတ် ပျက်လောက်အောင် တော့ ပြုမူဖို့ ခက်မယ် ဆိုပြီးတော့လည်း ဒေါက်တာအေးချမ်းက ပြောပါတယ်။

ဂျပန်နိုင်ငံ ဟာ ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကို၊ စစ်အင်အား အကန့်အသတ် ခံထားရတဲ့ နိုင်ငံဖြစ်ပါတယ်။

ဒါ့ကြောင့် အမြဲတမ်း တပ်မတော် ဖွဲ့စည်းခွင့် မရှိပဲ ၊ ကာကွယ်ရေး လက်နက်ကိုင် တပ်တွေကို Japan Self-Defense Forces တွေ အဖြစ် ဖွဲ့စည်း ထားရှိတာ ဖြစ်ပြီး၊ အမျိုးသားဝင်ငွေ စုစုပေါင်းရဲ့ ၁ ရာခိုင်နှုန်း ကျော်ကျော်ကို သာ ကာကွယ်ရေး မှာ သုံးစွဲနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန် ရဲ့ စစ်ရေး အကာအကွယ်ပြုမှု ရရှိနေပြီး၊ တကယ်လို့ အမျိုးသားဝင်ငွေ စုစုပေါင်း ၅ ရာခိုင်နှုန်း လောက်သာ သုံးစွဲရုံနဲ့ကို အင်အားကြီးမား တဲ့ တပ်မတော် တစ်ရပ်ကို တမဟုတ်ခြင်း ထူထောင်နိုင်တဲ့ အခြေအနေ ဖြစ်တယ် ဆိုပြီး ဒေါက်တာ အေးချမ်းက သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့လက အမေရိကန် သမ္မတ အိုးဘားမားရဲ့ အာရှ ခရီးစဉ် အတွင်းမှာ ဂျပန်နိုင်ငံကို ရောက်ရှိစဉ်တုန်း မှာလည်း၊ စစ်ရေးအရ အကာအကွယ် ပြုဖို့ အာမခံချက်တွေ ထပ်မံ ပြုခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ