ကချင်ပဋိပက္ခ ဖြေရှင်းရေး ပူးတွဲအဖွဲ့ဖွဲ့

kachin_ ဓာတ်ပုံ မူပိုင် MPC
Image caption စေ့စပ် ညှိနှိုင်းဆဲ ကချင် ပဋိပက္ခ

ကချင်ဒေသ တိုက်ပွဲတွေကို ချက်ချင်း ဖြေရှင်းနိုင်ဖို့ ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး ပူးတွဲ အဖွဲ့ တခု ကို KIO ၊ အစိုးရ ကိုယ်စားလှယ် တွေနဲ့ ဗုဒ္ဓဟူး နေ့က ဖွဲ့စည်း ခဲ့ပါတယ်။

နှစ်ဘက် ကိုယ်စားလှယ် ငါးဦးစီနဲ့ မြစ်ကြီးနားမြို့ ကေအိုင်အို နည်းပညာ အကြံပေးရုံးမှာ လုပ်တဲ့ အစည်းအဝေးမှာ ဒီအဖွဲ့ ဖွဲ့စည်း လိုက်တာပါ။

ဒီအစည်းအဝေးမှာ နှစ်ဘက် ကိုယ်စားလှယ်တွေကြား ဆက်သွယ်ရေး လမ်းကြောင်း ထားရှိဖို့ နဲ့ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်တာမျိုးလို လက်တွေ့ လုပ်ငန်းတွေကို အရင်ဆုံး ဆွေးနွေးခဲ့ကြပါတယ်။

လုပ်ငန်းစဉ် တွေကိုတော့ ဆက်လက် ဆွေးနွေးရဦးမှာ ဖြစ်ပါတယ်။

လုပ်ငန်း မူဝါဒတွေကို နှစ်ဘက် သဘောတူ အတည်ပြုပြီးမှသာ ပဋိပက္ခတွေကို လျှော့ချနိုင်မှာ ဖြစ်လို့ ဆက်ပြီး ဆွေးနွေးသွားဖို့ လိုတယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

နှစ်ဘက် ကိုယ်စားလှယ်တွေ မြစ်ကြီးနားမြို့မှာ သီးခြားစီ ရုံးထိုင်ကြမှာ ဖြစ်ပြီး လောလောဆယ်မှာတော့ တလတကြိမ် ပုံမှန်တွေ့ဆုံ ဆွေးနွေးသွားဖို့ သဘောတူ ထားပါတယ်။

ဒီအဖွဲ့ဟာ မေလ ၁၃ ရက်နေ့က အစိုးရ ကိုယ်စားလှယ် အဖွဲ့နဲ့ ကေအိုင်အို အဖွဲ့တို့ မြစ်ကြီးနားမှာ တွေ့ဆုံ ခဲ့ကြတုန်းက ဆွေးနွေးချက်ရဲ့ ရလဒ်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဆွေးနွေးမှုမှာ ရရှိခဲ့တဲ့ သဘော တူညီချက် အရ နှစ်ဘက် ပဋိပက္ခ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ ဖွဲ့စည်း သွားဖို့ ရှိပါတယ်။ လောလောဆယ် အဲဒိ ကော်မတီ မဖွဲ့နိုင်သေးတဲ့ အချိန်မှာ ကော်မတီရဲ့ ရှေ့ပြေး အဖွဲ့ပုံစံမျိုး ဖွဲ့စည်း ခဲ့တာပါ။

ဒီအဖွဲ့ကို အခုလို ဖွဲ့စည်းလိုက်နိုင်တဲ့အတွက် ပဋိပက္ခတွေ လျော့ကျ သွားဖို့ ပိုပြီး မျှော်လင့်လာနိုင်တဲ့ အကြောင်း ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

ကချင်ပြည်နယ်မှာ အစိုးရနဲ့ ကေအိုင်အေ တပ်တွေကြား ခုတလော တိုက်ပွဲကြီးတွေ ဖြစ်ပွားခြင်း မရှိပေမယ့် နှစ်ဖက် တိုက်ခိုက်တာတွေကတော့ ရှိနေတုန်းပါ။ ပြီးခဲ့တဲ့ ၂၃ ရက်နေ့ကပဲ ကချင်ပြည်နယ် မန်ဝိန်းကြီးမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ