ရွေးကောက်ပွဲ ကော်မရှင်က ပါတီတွေအတွက် ကားသွင်းခွင့် တောင်းထား

  • 28 မေ 2014
လူထုကြား ပါတီတွေရဲ့မဲဆွယ်မှု ဓာတ်ပုံ မူပိုင် NA
Image caption လူထုကြား ပါတီတွေရဲ့မဲဆွယ်မှု

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၆၅ခုအတွက် အခွန်လွတ် ကားတင်သွင်းခွင့် အပါအဝင် ရုံးခန်းအတွက် အဆောက်အအုံ မြေနေရာတို့ ရရှိရေးအတွက် နိုင်ငံတော် သမ္မတရုံးကို စာပေးပို့ပြီး လမ်းညွှန်မှု တောင်းခံခဲ့ပါတယ်။

ဒီလိုဆောင်ရွက်တာကြောင့် အစိုးရက ပါတီတွေအပေါ် သြဇာသက်ရောက်အောင် သိမ်းသွင်းတာ ဖြစ်နိုင်လို့ ဝေဖန်မှုတွေ ရှိပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူး ဉီးလှမောင်ချိုကို မေးကြည့်တဲ့အခါ ပါတီကြီးငယ်မခွဲဘဲ ၆၅ခုလုံးအတွက် သွားရေး လာရေးလွယ်ကူအောင် တပါတီကို ကား၅စီးသွင်းခွင့် တောင်းတာဖြစ်လို့ ပါတီတွေကို စည်းရုံးသိမ်းသွင်းရာ မရောက်ကြောင်း ပြောပါတယ်။

ဒါ့အပြင် ပါတီငယ်တွေကလည်း ရုံးအဆောက်အအုံ နေရာ ခက်ခဲလို့ အကူအညီတောင်းတဲ့အတွက် မြေသာမကဘဲ အဆောက်အအုံတွေကို ရန်ကုန်နဲ့ နယ်မြို့တွေမှာ စဉ်းစားသွားဖို့ စာရေးသားပေးပို့တာဖြစ်ကြောင်း ဘီဘီစီကိုပြောပါတယ်။

အခုလို အစိုးရဆီက အကူအညီယူတဲ့ကိစ္စမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့က လက်မခံဘူးလို့သတင်းရပါတယ်။

ဒါကြောင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဉီးခွန်ထွန်းဉီးကို မေးကြည့်ရာမှာ အခုလို အစိုးရ အကူအညီကို ရယူတာဟာ နှောင်ကြိုးတွေပါနိုင်လို့ ပါတီက လွတ်လွတ်လပ်လပ် လုပ်ကိုင်မှုအတွက် စဉ်းစား စရာဖြစ်ကြောင်း ဗဟိုကော်မီတီမှာ မဆုံးဖြတ်ရသေးပေမယ့် သူ့သဘောကတော့ မယူဖို့များကြောင်း ဘီဘီစီကို ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ