မြန်မာ့ဆင် မျိုးတုံးတော့မယ်အန္တရာယ် ရှိနေပြီလား

  • 30 မေ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption သစ်ထုတ်ရေးလုပ်ငန်းခွင်က ဆင်

မြန်မာ နိုင်ငံမှာ ၁၉၉၁ ခုနှစ်က ဆင်ရိုင်း ကောင်ရေ ၆၀၀၀ ကျော်ရှိခဲ့ရာ ကနေ အခု အချိန် မှာတော့ ကောင်ရေ ၃၀၀၀ လောက်သာ ကျန်ရှိတော့မယ့် အခြေအနေ ဖြစ်နေတယ်လို့ သစ်တောရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် က ပြောကြားလိုက်ပါတယ်။

အခုလို ဖြစ်ရတဲ့ အဓိက အကြောင်းရင်း ကတော့ ဆင်မှောင်ခို သမားတွေကြောင့်လို ဆိုပါတယ်။ သစ်တော သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ထိန်းသိမ်းရေး အဖွဲ့ FREDA ဥက္ကဌ ဦးအုန်းကတော့ တောတွေ မရှိတော့တာကြောင့် ဆင်တွေရဲ့ နေထိုင်ကျက်စားရာ စားကျက်ပျောက်သွားဟာ ဆင်ကောင်ရေ လျော့နည်းရတဲ့ အဓိက အကြောင်းရင်းဖြစ်တယ်လို့ ပြောပါတယ်။

တောတွေ မရှိတော့တာအတွက် အစိုးရမှာရော ပြည်သူတွေမှာပါ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

ဆင်မျိုးတုံးမသွားရအောင် ဆင်တွေရဲ့ နေထိုင်ကျက်စားရာ နေရာတွေကို ထိန်းသိမ်းဖို့လိုပြီး ကြိုးဝိုင်းတွေ သတ်မှတ်ကာ နိုင်ငံခြားအကူအညီ ပညာရှင်တွေ အကူအညီနဲ့ ထိန်းသိမ်းစောင့်ရှောက်သင့်တယ်လို့ ပြောပါတယ်။

ဒီလို ထိန်းသိမ်းစောင့်ရှောက်ရာမှာ ဥပဒေနဲ့ ပညာပေးမှုတွေလည်း လိုအပ်တယ်လို့ ဦးအုန်းက ပြောပါတယ်။

ဒါအပြင် ဆင်တွေကို ယဉ်ပါးအောင် လေ့ကျင့် အသုံးချတာဟာလည်း ဆင်ကောင်ရေ မလျော့အောင် လုပ်ရာရောက်သလို သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာလည်း ရောက်တယ်လို့ ဆိုပါတယ်။