သရက်ဇုန် စီမံကိန်းလယ်တွေမှာ တောင်သူတွေ ဝင်ထွန်ယက်

Image caption သရက်ဇုန် စီမံကိန်းအတွက် ဆိုပြီး သရက်ပင်တွေ မစိုက်ပဲ လွတ်နေတဲ့အတွက် တောင်သူတွေက မြေတွေ ပြန်လိုချင်နေ

ဥတ္တရသီရိ မြို့နယ် ဇလောင်းကျေးရွာအုပ်စုက တောင်သူတွေကို သရက်ဇုန် စီမံကိန်း ဆောင်ရွက်နေတဲ့ လယ်မြေတွေပေါ်မှာ ဝင်ရောက် ထွန်ယက် စိုက်ပျိုးတဲ့ အတွက် အာဏာပိုင်တွေက ခေါ်ယူ စစ်ဆေးနေပါတယ်။

အစိုးရက သရက်ဇုန် စီမံကိန်းအတွက် ဆိုပြီး အဲဒီ ဒေသတဝိုက် လယ်မြေတွေကို ၂၀၁၀ ခုနှစ် ကတည်းက သိမ်းယူခဲ့တာ ဖြစ်ပြီး ဒီထဲက လျော်ကြေး မရသေးတဲ့ တောင်သူတွေက သူတို့ပိုင် လယ်မြေတွေပေါ်မှာ ဝင်ရောက် ထွန်ယက် စိုက်ပျိုးခဲ့ကြတာ ဖြစ်ပါတယ်။

သရက်ဇုန် စီမံကိန်းမှာ ပါဝင်တဲ့ မြေယာတွေပေါ် ကျူးကျော်ဝင်ရောက်တယ်ဆိုပြီး ဇလောင်းကျေးရွာအုပ်စုက ရွာသား ၇ဦးကို ကျေးရွာနဲ့ ခရိုင် အုပ်ချုပ်ရေးမှူး တွေ အပြင် ရဲတပ်ဖွဲ့ကပါ ခေါ်ယူ စစ်ဆေးနေတာပါ။

ရွာသားတွေဘက်ကတော့ လျော်ကြေး မရသေးတဲ့အတွက် သူတို့ပိုင် ဒီလယ်မြေတွေပေါ်မှာ ထွန်ယက်စိုက်ပျိုးတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခု ပြဿနာတက်နေတဲ့ ဒီလယ်မြေတွေဟာ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ ရဲ့ သမီး ဒေါ်သန္တာရွှေ ပိုင်ဆိုင်တယ် ဆိုတာကို တာဝန်ခံ ဆိုသူတွေရဲ့ ပြောဆိုချက်ကြောင့် သိရကြောင်းနဲ့ တောင်သူတွေနဲ့ သူတို့အကြား အခြေအနေတွေ တင်းမာနေတဲ့အတွက် တရားစွဲဆိုမှု ရှိခဲ့ပြီး အခုအခါ အာဏာပိုင်တွေဘက်က ခေါ်ယူစစ်ဆေးနေကြောင်း ဇလောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်က ဘီဘီစီကို ပြောပြပါတယ်။

အသိမ်းခံထားရတဲ့ လယ်ဧက ၁၀၀ လောက်မှာ ဧက ၃၀လောက်မှာပဲ သရက်ပင်တွေ စိုက်ပျိုးတာ တွေ့ရတဲ့အတွက် လွတ်နေတဲ့ ဒီလယ်ယာမြေတွေကို ပြန်လိုချင်တယ်လို့ တောင်သူတွေက ဆိုပါတယ်။

နေပြည်တော် ဥတ္တရသီရိ မြို့နယ်မှာ ရှိတဲ့ အစိုးရ သရက်ဇုန် စီမံကိန်း ဧရိယာက အကျယ်အဝန်း ဧက တစ်သောင်းလောက် ရှိပြီး လယ်ယာမြေ အသိမ်းခံ ရသူတွေထဲက တချို့ကို သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့က လယ်တစ်ဧက ကို ကျပ် ၅ သိန်းနှုန်းနဲ့ တောင်သူတွေကို လျော်ကြေးပေးခဲ့ပါတယ်။

ဒါပေမယ့် ဒီစီမံကိန်း ဧရိယာထဲမှာ ပါဝင်တဲ့ ဧက ၁၀ဝ ကျော်လောက်က တောင်သူတွေကတော့ ခုချိန်ထိ လျော်ကြေး မရကြသေးပဲ ဖြစ်နေကြပါတယ်။