မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ တိုက်ပွဲထပ်ဖြစ်

RSO Logo ဓာတ်ပုံ မူပိုင် rso
Image caption RSO သူပုန် အဖွဲ့က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ လှုပ်ရှား တယ်လို့ဆို

မေလ အတွင်းမှာမကြာခဏ တိုက်ပွဲတွေ ဖြစ်ခဲ့လို့ တင်းမာနေတဲ့ မြန်မာ နိုင်ငံ နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ မေလ ၃၀ ရက်နေ့ ညနေ က တိုက်ပွဲ ထပ်မံ ဖြစ်ခဲ့ပြန် ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်း တောင်တန်း ဘင်ဒရိုဘင် ခရိုင်မှာ ညနေ ၄ နာရီလောက်က အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့် တပ်မှူး Col KM Saiful Islam ကို ကိုးကားပြီး ဘင်္ဂလာဒေ့ရှ် သတင်း မီဒီယာတွေမှာ ဖေါ်ပြပါတယ်။

တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာဟာ မြန်မာ ဘက်က မောင်တောမြို့နယ် မြောက်ပိုင်းမှာ ဖြစ်ပါတယ်။

တိုက်ပွဲက ၄၅ မိနစ်ခန့် ကြာပြီး အသေ အပျောက် သတင်းတွေနဲ့ ပတ်သက်လို့တော့ မသိရသေးပါဘူး။

သူတို့ဘက်က နယ်ခြား စောင့်တပ်ဖွဲ့ အရာရှိ တစ်ယောက် ပျောက်ဆုံး နေတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ပြောနေတဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ မေလ ၂၈ ရက်နေ့က နှစ်ဘက် တိုက်ပွဲ ဖြစ်အပြီး အခုတဖန် တိုက်ပွဲ ဖြစ်ပွားတာပါ။

အဲဒီနေ့က တိုက်ပွဲမှာ မြန်မာ ဘက်က RSO သူပုန် အဖွဲ့က လို့ ယူဆရသူ တစ်ယောက်ကို အသေဖမ်း မိထားပြီး အလောင်း ကလည်း မြန်မာဘက်မှာ ရှိနေတယ်လို့ မြန်မာအစိုးရ ဘက်က ပြောပါတယ်။

အဲဒီ သေဆုံးသူနဲ့ ပတ်သက်လို့ နှစ်နိုင်ငံဘက်က ပြောဆိုမှုတွေ ကတော့ ကွဲလွဲနေပါတယ်။ သေဆုံးသူ အလောင်းကို စစ်ဆေးဖို့နဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က မြန်မာ နယ်ခြား ကော်မီတီကို ဆက်သွယ် အကြောင်းကြားလာတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေး အဖွဲ့ ဒုတိယ ညွှန်ကြားရေး မှူး ဒုတိယ ရဲမှူးကြီး မင်းအောင်က ဘီဘီစီကို ပြောပါတယ်။

အခုလို တိုက်ပွဲတွေ ဖြစ်ပွားတဲ့ အတွက် နှစ်ဖက် နယ်စပ် အခြေအနေ တင်းမာနေလို့ ဒေသခံတွေက စိုးရိမ်ပူပန် နေကြပေမဲ့ ရဲမှူးကြီး မင်းအောင်ကတော့ ဒီကိစ္စကို နယ်စပ် လုံခြုံရေး တာဝန်ခံတွေ ဖြေရှင်း လိုက်ရင် ပြေလည် သွားမှာပါလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ