နယ်စပ်တိုက်ပွဲကိစ္စ မြန်မာသံအမတ်ကို ဘင်္ဂလားဒက်ရှ် ထပ်ပြော

ဓာတ်ပုံ မူပိုင် narinjara
Image caption မြန်မာ ဘင်္ဂလားဒက်ရှ် နယ်စပ်မှာ အခြေအနေ တင်းမာနေ

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မြန်မာ ဘင်္ဂလားဒက်ရှ် နယ်စပ်တိုက်ပွဲအတွင်း ဘင်္ဂလားဒက်ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဘက်က ပျောက်ဆုံးနေ တယ် ဆိုတဲ့ သူတို့ရဲ့ အရာရှိတဦးရဲ့ အလောင်း ကို မြန်မာ တပ်ဘက်က ပြန်လည် လွှဲပြောင်း ပေးလိုက်ပြီ လို့ သိရပါတယ်။

တိုက်ပွဲ ဖြစ်ခဲ့စဉ်တုန်းက တဘက်က တပ်ဖွဲ့ဟာ RSO ရိုဟင်ဂျာ လက်နက်ကိုင် တိုက်ဖွဲ့လို့ ယူဆပြီး တိုက်ခိုက်ခဲ့တာလို့ မြန်မာ တပ်ဘက်က ပြောပါတယ်။

ဒီကိစ္စကို အသေအချာ စုံစမ်း စစ်ဆေးပေးပြီး ဖြေရှင်းချက်ပေးဖို့ ဘင်္ဂလားဒက်ရှ် ဆိုင်ရာ မြန်မာသံအမတ်ကြီးကိုလည်း ဒုတိယ အကြိမ်အဖြစ် ဒီကနေ့ စနေနေ့ မနက်က ဘင်္ဂလားဒက်ရှ် အစိုးရက ဆင့်ခေါ်ခဲ့ပါတယ်။

သောကြာနေ့တုန်းကလည်း ဘင်္ဂလားဒက်ရှ်နဲ့ မြန်မာ နယ်ခြားစောင့် တပ်ဖွဲ့ အချင်းချင်း ပစ်ခတ် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါသေးတယ်။

အခုလို နယ်စပ်ဒေသမှာ အခြေအနေ တင်းမာနေတာနဲ့ ပတ်သက်လို့ နှစ်ဘက် အဆင့်မြင့် တာဝန်ရှိ ပုဂ္ဂိုလ်တွေအကြား အလံတင် အစည်းအဝေးတခု အခု ရက်ပိုင်းအတွင်း ခေါ်ယူ ဆွေးနွေးဖို့ ရှိတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဒုတိယရဲမှူးကြီး မင်းအောင်က ဘီဘီစီကို ပြောပါတယ်။