ကွန်းလုံ ဆည် နဲ့ စိုးရိမ်ရတဲ့ပြည်သူတွေ

  • 1 ဇွန် 2014
myanmar dam ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဧရာဝတီမြစ်ဆုံမှာ ရေကာတာ တည်ဆောက်ပြီး လျှပ်စစ် ထုတ်မယ့် အစီအစဉ် ကို ကန့်ကွက်ကြစဉ်

သံလွင် မြစ်ပေါ်မှာ အစိုးရ က တည်ဆောက်နေကြတဲ့ ဆည်ကြီးတွေ၊ သံလွင်မြစ်ရဲ့ မြစ်လက်တက် တွေ ပေါ်မှာ တည်ဆောက်ဖို့ ပြင်နေကြတဲ့ ဆည်လေးတွေ နဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာ စွာ ချပြတာ မရှိတဲ့အတွက် ဒီဆည်တွေ ကြောင့်ဖြစ်လာမယ့် ဆိုးကျိုးတွေ ကို ဒေသခံပြည်သူတွေ အနေနဲ့ သေသေချာချာ မသိရလို့ စိုးရိမ်စရာတွေ ဖြစ်နေပါတယ်။

သံလွင်မြစ်ပေါ်မှာ ဆည်ကြီး စုစုပေါင်း ၆ ခုလောက်တည်ဆောက်မယ် ဆိုတဲ့ စီမံကိန်း ရှိသလို ကန့်ကွက်တာတွေလည်းရှိပါတယ်၊ အဲဒီ တည်ဆောက်မယ့် ဆည်ကြီးတွေ အထဲ အပေါ်အကျဆုံးဖြစ်ပြီး ရှမ်းပြည်မြောက်ပိုင်းထဲမှာ တည်ဆောက်မှာ လည်းဖြစ်တဲ့ ကွန်းလုံ ရေကာတာ ရေအားလျှပ်စစ် စီမံကိန်းနဲ့ပတ်သက်ပြီး အစိုးရ က လုပ်ဖို့ သဘောတူပြီးသလို တည်ဆောက်တာ တွေ လုပ်ဆောင်နေပြီ လို့ သိရပါတယ် ၊

ဒီ စီမံကိန်း ကနေ လျှပ်စစ် မီဂါဝပ် ၁၄၀၀ ထုတ်လုပ်မှာ ဖြစ်ပြီး အဲဒီထဲက ၁၂၀၀ မီဂါဝပ်ကို တရုတ်နိုင်ငံ ကို တင်ပို့ ရောင်းချမှာ ပါ။

မြန်မာ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန နဲ့ အတူ မြန်မာဘက်က အာရှဝါးလ် Asia World ကုမ္ပဏီ ဆိုးပါဝင်ပြီး တရုတ် က Hanergy စွမ်းအင် ကုမ္ပဏီ တို့ ပူးပေါင်း လုပ်ကိုင်တာလို့ သိရပါတယ်။

အဲဒီဆည်တည်ဆောက်မှုတွေ အတွက် EIA လို့ ခေါ်တဲ့ သဘာ၀ပတ်၀န်းကျင် ထိခိုက်မှု စစ်တမ်း ကို စီမံကိန်း လုပ်သူတွေ ဘက်က ကောက်ယူတာ က ပွင့်လင်းမြင်သာ တာ မရှိတဲ့အကြောင်း နိုင်ငံတကာ မြစ်ကြောင်းများအဖွဲ့ International Rivers က သံလွင်မြစ်ကို စောင့်ကြည့်လေ့လာ နေတဲ့ မစ္စ ပီရမ်ပွန် ဒီထစ် က ပြောပါတယ်။

သူက EIA လုပ်သွားတာ သာ ကြားရတယ်။ ပြည်သူတွေ ကို ချမပြတော့ ထိခိုက်မယ့် ပြည်သူတွေ ကို ဘာတွေ တိုင်ပင် တယ်။ ဘယ်လို သက်ရောက်မှုတွေ ရှိမယ် ဆိုတာ ကို လူထု က သိရရဲ့လား ဆိုတာ ကို မသိရဘူး။ သူတို့သိသလောက် ဒီဆည် တည်ဆောက်တာရယ် သူ့ရဲ့ အခြေခံအဆောက်အအုံတွေ ဆောက်လုပ်တာ ရယ် နဲ့ဆိုရင် ရွာပေါင်း ၆၀ လောက် ပြောင်းရဖို့ရှိပြီး လူပေါင်း ၂သောင်းကျော် ထိခိုက်ကြမှာဖြစ်တယ် လို့ ပြောပါတယ်။

တန့်ယန်းမြို့နယ်အတွင်း က သံလွင်မြစ်နဲ့ သူ့ရဲ့ မြစ်လက်တက် တခု မှာ တည်ဆောက်မယ့် ရေကာတာ ၂ ခုနဲ့ပတ်သက်လို့ လည်း ပြီးခဲ့တဲ့ လပိုင်းပဲ ဒေသခံတွေ ကိုအစည်းအဝေးခေါ်ရာမှာ ထိခိုက်မယ့် အနီးအနား က ရွာက လူတွေကို မခေါ်ပဲ ဟိုးအဝေး က လူတွေကို သာ အစိုးရ က ခေါ်တိုင်ပင်ခဲ့တယ် ဆိုတဲ့ ရှမ်းလူ့အခွင့်အရေး အဖွဲ့ Shan Human Rights Foundation ရဲ့ ပြောဆိုချက် ထွက်လာပါသေးတယ်။

အခု သံလွင်တလျှောက် နေရာတွေဟာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး အပြီးရသေးတဲ့နေရာတွေ မဟုတ်လို့ မတည်ငြိမ်သေးတာရယ်၊ ထိခိုက်မယ့် ဒေသခံလူတွေရဲ့ ဆန္ဒတွေ ကိုမယူတာကြောင့် ကွန်းလုံရေကာတာ အပါအ၀င် သံလွင် က ရေကာတာစီမံကိန်းတွေ ရပ်ဆိုင်းထားသင့်ကြောင်း နိုင်ငံတကာ မြစ်ကြောင်းများ အဖွဲ့ က ပြောပါတယ်။

သံလွင်မြစ်ကြောင်း စီမံကိန်းတွေ ဟာ အခုလိုတောင်းဆိုသံတွေကြားထဲမှာ ပဲ အဲဒီကနေ လျှပ်စစ်စွမ်းအင် ဝယ်ယူကြမယ့် တရုတ်နိုင်ငံ ထိုင်းနိုင်ငံ က တွန်းအားတွေ ကလည်းရှိနေတာကြောင့် ဒေသခံတွေအပါအဝင် မြန်မာပြည်သူတွေရဲ့ သဘောထား တွေ က ဘယ်လောက်ခရီးရောက်နိုင်မလဲ ဆိုတာ ကိုလည်း စိုးရိမ်စရာ ဖြစ်နေပါတယ်။