၄ တန်းနဲ့ ၈ တန်းကို အစိုးရစစ် ပြန်လုပ်မယ်

  • 4 ဇွန် 2014
School Children
Image caption ပညာရေး အခြေခိုင် စေဖို့ အစိုးရစစ် စနစ် ပြောင်းမှာလို့ဆို

ပညာရေးပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင် နေတဲ့ မြန်မာ နိုင်ငံမှာ အခု ပညာသင်နှစ် ၂၀၁၄ -၂၀၁၅ မှာ ၄ တန်းနဲ့ ၈တန်း စာမေးပွဲတွေကို အစိုးရ စစ် လုပ်ဖို့ ပညာရေး ဝန်ကြီးဌာနက စီစဉ်နေပါတယ်။

စာသင်ကျောင်း တွေရဲ့ အရည်အသွေး၊ ဆရာဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ အရည် အသွေးကို စိစစ် နိုင်အောင် အခုလို လုပ်ဆောင်ရ တာ ဖြစ်တယ်လို့ အခြေခံ ပညာ ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ မျိုးသိန်းကြီးက ပြောပါတယ်။

မူလတန်း အဆင့်မှာ ၄ တန်းနဲ့ အလယ်တန်း အဆင့်မှာ ၈ တန်းတို့ဟာ အခြေခိုင်ဖို့ လိုအပ်တဲ့ အတွက် အခုလို စာမေးပွဲစစ်တဲ့ စနစ်ကို ပြောင်းခြင်းအားဖြင့် ကျောင်းသူကျောင်းသားတွေ ဘက်ကလည်း ပိုမိုကြိုးစား သင်ယူလာသလို ဆရာ ဆရာမတွေအပိုင်းကလည်း အားကြိုးမန်တက် သင်ကြား ပေးလာကြမယ်၊ ကလေးတွေ ပညာတတ်မြောက်မှု ပိုမို တိုးတက် လာမယ်လို့ အခြေခံပညာ ဦးစီးဋ္ဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလဲ့က ပြောပါတယ်။

၁၉၉၈ ခုနှစ်နောက်ပိုင်း ပညာသင်စနစ်အရ သင်ကြားခံရတဲ့ ကလေးတွေနဲ့ အဲဒီ မတိုင်ခင် ၄ တန်းနဲ့ ၈ တန်း အစိုးရစစ် စာမေးပွဲတွေ ရှိစဉ် အချိန်က သင်ကြား ခံခဲ့ကြရသူတွေရဲ့ ပညာတတ်မြောက်မှုကို နှိုင်းယှဉ်ရင် ကွာခြားတဲ့ အတွက် အရင်တုန်းက ပုံစံ အတိုင်း စာမေးပွဲစနစ်ကို လုပ်ကြမှာ ဖြစ်တယ်လို့ လည်း သူက ပြောပါတယ်။

ဒါပေမဲ့ ငယ်ရွယ်တဲ့ ၄ တန်း ကလေးငယ်တွေကို အခုလို အစိုးရစစ် စာမေးပွဲတွေ နဲ့ တင်းကျပ် လိုက်တဲ့ အတွက် ကောင်းကျိုးထက် ဆိုးကျိုး ဖက်ကို ပိုများသွားလေ မလားလို့ ဆိုတဲ့ စိုးရိမ်မှု တွေလည်း ရှိနေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ