RCSS/SSAနဲ့ အစိုးရငြိမ်းချမ်းရေး အဖွဲ့တွေ့

  • 6 ဇွန် 2014
ဓာတ်ပုံ မူပိုင် AP
Image caption RCSS/SSA အဖွဲ့က နိုင်ငံရေးထက် အပစ်ရပ်ရေးကို အရင် ဆွေးနွေးဖို့ လိုလား

RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ အဖွဲ့နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီတို့ ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

RCSS အဖွဲ့နဲ့ တွေ့ဆုံတယ် ဆိုပြီး ပြီးခဲ့တဲ့ လတုန်းက ကျိုင်းတုံမြို့နယ် SNLD ပါတီဝင် အဖမ်းခံခဲ့ရတဲ့ ကိစ္စ၊ RCSS ဆက်ဆံရေးရုံး ဝင်ရောက် စစ်ဆေးခံခဲ့ရတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ အခုလို တွေ့ဆုံခဲ့တာလို့ RCSS ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလက ဘီဘီစီကို ပြောပါတယ်။

RCSSနဲ့ ဆက်သွယ်တဲ့ ကျိုင်းတုံမြို့နယ် SNLD ပါတီဝင် ကို တည်ဆဲ ဥပဒေ ဖြစ်တဲ့ ပုဒ်မ ၁၇/၁ မတရားသင်းနဲ့ ဆက်သွယ်မှုနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဒီလုပ်ရပ်တွေဟာ ထိပ်ပိုင်းက ပေါ်လစီ မဟုတ်ပဲ ဒေသခံ အာဏာပိုင်တွေရဲ့ လုပ်ရပ်သာ ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီက ဖြေရှင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

RCSS/SSA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အစိုးရက မတရားသင်း အဖြစ် သတ်မှတ် ထားဆဲ ဖြစ်ပြီး တနိုင်ငံလုံး အပစ်ရပ်ရေး စာချုပ်ချုပ်ဆိုပြီးမှသာ ၁၇/၁ ပုဒ်မကို ပယ်ဖျက်ပေးမယ်လို့ အစိုးရက ပြောနေတာပါ။

ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အတူတကွ လက်တွဲ လုပ်နေချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို မတရားသင်းတွေ အဖြစ် ဆက်သတ်မှတ်ထားတာဟာ ငြိမ်းချမ်းရေး ဖေါ်ဆောင်မှုကို ထိခိုက်လာနိုင်တဲ့အတွက် ၁၇/၁ ပုဒ်မနဲ့ ကင်းလွတ်နိုင်အောင် နည်းလမ်း ရှာပေးဖို့ RCSS/SSA အဖွဲ့ ကိုယ်စားလှယ် တွေက ပြောခဲ့တယ်လို့ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

တနိုင်ငံလုံး အပစ်ရပ်ရေး ကြန့်ကြာနေမယ် ဆိုရင် ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး ဆွေးနွေးပွဲကြီး စနိုင်ပါ့မလား ဆိုတာကို စိုးရိမ်မိကြောင်းကိုလည်း အဲဒီ တွေ့ဆုံပွဲမှာ ထုတ်ဖေါ်ပြောခဲ့တယ်လို့ ဆိုပါတယ်။