တအောင်းတိုက်ပွဲ အစိုးရဘက်က အကျအဆုံးရှိ

  • 6 ဇွန် 2014
pslf_tnla_peace_talk_ ဓာတ်ပုံ မူပိုင် T.N.L.A
Image caption တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲက၊ တာမိုးညဲ ဒေသမှာ၊ တပ်မ၈၈ လက်အောက်ခံ အစိုးရတပ်နဲ့ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA အကြား ဇွန်လ ၄ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရတပ်ဘက်က တပ်ရင်းမှုး ဒုဗိုလ်မှုးကြီး ကျော်ထင်အောင်အပါအဝင် ၃ ဦး သေဆုံးသွားပါတယ်။

အစိုးရဘက်က ပြန်ကြားရေး တာဝန်ခံ ဦးရဲထွဋ်ကတော့ ရင်ဆိုင်တိုက်ပွဲ မဟုတ်ပဲ ယာဉ်တန်းနဲ့ သွားလာနေစဉ် ခြုံခို တိုက်ခိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။

TNLA ရဲ့ ပြောခွင့်ရ မိုင်းအိုက်ကျော်ကတော့ ကွတ်ခိုင်-တာမိုးညဲ လမ်းမကြီးပေါ်မှာ တအာင်းတပ်ဖွဲ့ ဖြတ်ကူးနေတုန်း အစိုးရ စစ်ကား ၃ စီး ရောက်လာပြီး စတင် တိုက်ခိုက်လာတဲ့အတွက် ခုခံခဲ့ရတာ လို့ ဆိုပါတယ်။

တအောင်းတပ်ရဲ့ ပုခုန်းထမ်း လောင်ချာ RPG ရဲ့ ပစ်ခတ်မှုဟာ စစ်ကား တစ်စီးကို ထိမှန်ခဲ့တယ်လို့လည်း မိုင်း အိုက်ကျော်က အတည်ပြုပါတယ်။

တအောင်းဒေသမှာ ရွာစဉ်အဆက် အစိုးရတပ်တွေ နေရာယူထားတဲ့အတွက် TNLA လှုပ်ရှားလိုက်တိုင်း ထိတွေ့မှုတွေ ဖြစ်နေရတာလို့လည်း မိုင်းအိုက်ကျော်က ပြောခဲ့သလို တပ်ရင်းမှုး အဆင့် ကျသွားတဲ့ အစိုးရဘက်က ပိုမို လှုပ်ရှား လာနိုင်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဂျူလိုင်လကတော့ အစိုးရနဲ့ တအောင်းအဖွဲ့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပထမဆုံး အကြိမ် လုပ်ခဲ့ဖူးပေမယ့် ဒီနှစ် ၂၀၁၄ ခုနှစ် အတွင်းမှာပဲ ထိတွေ့မှု တိုက်ပွဲ တွေ အကြိမ်ရေ အတော်များများ ဖြစ်ပေါ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ