ကချင်စစ်ပွဲတွေ ရပ်ရေး ငြိမ်းချမ်းရေး ခေါ်သံ လှုပ်ရှားမှု

  • 7 ဇွန် 2014
Image caption ကချင်ဒေသမှာ ခုချိန်ထိ အပစ်မရပ်နိုင်သေး

ကချင်ဒေသမှာ အပစ်အခတ်တွေ ရပ်စဲထား ခဲ့ပြီးမှ တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားခဲ့တာ လာမယ့် ဇွန်လ ၉ရက်နေ့ဆိုရင် ၃နှစ် ရှိသွား ပါပြီ။

အခုလို စစ်ပွဲတွေ ပြန် ဖြစ်နေတာကို မမေ့မလျော့ ကြဖို့နဲ့ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေ ထဲမှာ ပါဝင်ကြဖို့ ပြည်သူ လူထုကို ဖိတ်ခေါ် အသိပေးတဲ့ အနေနဲ့ ငြိမ်းချမ်းရေး ခေါ်သံဆိုတဲ့ ခေါင်းစည်းနဲ့ ရန်ကုန်မြို့က လူစည်ကားတဲ့ နေရာ ၃ နေရာမှာ သရုပ်ဆောင် တင်ဆက်မှုတွေနဲ့ အခမ်းအနားတွေ ဒီကနေ့ စနေနေ့မှာ လုပ်ခဲ့ပါတယ်။

စစ်နဲ့ ငြိမ်းချမ်းရေး ဘယ်ဟာကို ရွေးမလဲဆိုတာကို လမ်းသွားလမ်းလာ ပြည်သူတွေကို မဲပေး ရွေးချယ်ခိုင်းတဲ့ အစီအစဉ်မှာ လူထုက ငြိမ်းချမ်းရေးကို ရွေးချယ်မဲပေးခဲ့ကြသလို စစ်ပွဲအကြောင်း သရုပ်ဆောင် တင်ဆက်မှုတွေကို ကြည့်ပြီး ထပ်တူ ခံစား မျက်ရည်ကျခဲ့ကြတယ်လို့ ဒီအခမ်းအနားတွေကို ဦးစီး လုပ်ပေးခဲ့တဲ့ ကချင်ကွန်ရက်က ညှိနှိုင်းရေးမှူး မမေစံပယ်ဖြူက ပြောပြပါတယ်။

စစ်ဆိုတာ နှစ်ဘက်စလုံးက တိုက်လို့ ဖြစ်တာ ဖြစ်ကြောင်း၊ စစ်ကြောင့် လူတွေ သေကြေ၊ အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြရသလို ပြည်သူတွေ ကြုံတွေ့ ရင်ဆိုင် နေရတဲ့ တပ်သား စုဆောင်းတာတွေ၊ ဆက်ကြေး ကောက်ခံတာ တွေဟာလည်း စစ်ပွဲတွေကြောင့် ဖြစ်နေတာမို့ စစ်ပွဲတွေ အဆုံးသတ်သွားအောင် အခုလို တောင်းဆို လှုပ်ရှားခဲ့တာလို့ ပြောပါတယ်။

ဇွန်လ ၉ရက်နေ့ကျရင်လည်း ရန်ကုန်မြို့က ကချင် နှစ်ခြင်း ဘုရားကျောင်းမှာ ဘာသာ ပေါင်းစုံ ဆုတောင်း မေတ္တာပို့ အမျှဝေမယ့် အစီအစဉ်တွေ ကျင်းပသွားမှာ ဖြစ်သလို ကချင် လူမှု အသိုင်းအဝိုင်းတွေ ရှိတဲ့ ကမ္ဘာ တဝှမ်းက နိုင်ငံတွေမှာလည်း အခမ်းအနားတွေ ကျင်းပသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။