မြန်မာလူမှောင်ခိုဂိုဏ်း ထိုင်းရဲဖမ်းဆီး

boat_arrested ဓာတ်ပုံ မူပိုင် MCOT
Image caption ငါးဖမ်းစက်လှေ

မြန်မာ နိုင်ငံသားတွေ ကို ထိုင်းငါးဖမ်း စက်လှေတွေပေါ် ရောင်းစားနေ တဲ့ ထိုင်းအခြေစိုက် လူမှောင်ခိုဂိုဏ်း တစ်ခုကို၊ ဇွန်လ ငါးရက်က ထိုင်း အထူး ရဲတပ်ဖွဲ့က နှိမ်နင်းပြီး၊ ဒီဂိုဏ်းကို ခေါင်းဆောင်တဲ့ မြန်မာနိုင်ငံသား တွေကို ဖမ်းဆီး ထားပါတယ်။

လူမှောင်ခိုအဖွဲ့ က ငါးဖမ်းလှေပေါ် ရောင်းစားမယ့် လူ ၃-ဦးကို အခန်းထဲ ပိတ်လှောင် ဖမ်းဆီးထားစဉ် မှာ၊ ထွက်ပြေး လွတ်မြောက်လာ တဲ့ တစ်ယောက်က ကျန်နှစ်ယောက် ရဲ့ လွတ်မြောက်ရေး အတွက် အကူအညီ လိုက်လံ တောင်းခံခဲ့ရာ ကနေ၊ အဲဒီ့ မှောင်ခိုဂိုဏ်း ရဲ့ သတင်းကို ထိုင်း အာဏာပိုင် တွေ ရရှိခဲ့တာပါ။

ထိုင်း ရဲတပ်ဖွဲ့ကို ဆက်သွယ် သတင်းပေးပြီး မြန်မာနိုင်ငံသား တွေ လွတ်မြောက်ရေး အတွက် ကူညီပေးခဲ့တဲ့ ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ MAT က ဦးကျော်သောင်း ကတော့၊ လူကုန်ကူး ခံရတဲ့ သူတွေဟာ စက်ရုံတွေမှာ အလုပ်ရမယ် ဆိုတဲ့ မက်လုံးနဲ့ ထိုင်းနိုင်ငံဘက် ကို ခေါ်ဆောင်လာတာ ခံခဲ့ရပြီး နောက်၊ ငါးဖမ်း စက်လှေတွေပေါ် မှာ အလုပ်လုပ် ဖို့ ရောင်းစား ခံခဲ့ရတာလို့ ပြောပါတယ်။

ဒီလို ရောင်းစား ခံရတဲ့သူတွေ ဟာ၊ လှေတွေပေါ်မှာ လုပ်ခ မရပဲ၊ အလုပ်ချိန် ကြာမြင့်စွာ ခိုင်းစေ ခံရတာမျိုးက အစ၊ ကမ်းပေါ်မှာ လည်း ထွက်မပြေးနိုင် အောင် ပိတ်လှောင် ထားခံ ရတာမျိုးတွေ အပြင်၊ ဆဲဆို ကြိမ်းမောင်း ရိုက်နှက်ခံရတာမျိုးတွေ အကျူးလွန်ခံရပါတယ်။

လွတ်မြောက်လာသူတွေရဲ့ ခိုင်ခိုင်လုံလုံ ထွက်ဆိုချက်တွေနဲ့ဆို လူမှောင်ခိုဂိုဏ်းတွေကို၊ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီး တရားစွဲဆို ထောင်ချတဲ့ သာဓကတွေ ရှိတယ်လို့ ဦးကျော်သောင်းက ပြောပါတယ်။

ဒါပေမယ့် လူကုန်ကူး ပွဲစားလုပ်သူတွေပဲ၊ ဥပဒေအရ အရေးယူ ခံနေရပြီး၊ ငါးဖမ်း စက်လှေ ပိုင်ရှင်တွေလို ထိုင်းလူမျိုး သူဌေးတွေကိုတော့ ထိုင်း အာဏာပိုင်တွေ က အရေးမယူဘူးလား ဆိုတာ မေးခွန်း ထုတ်စရာပါ။

ထိုင်း အလုပ်သမား ဥပဒေမှာ၊ တရားမဝင် အလုပ်သမားကို ခိုင်းစေရင် ငွေဒဏ် ထောင်ဒဏ် ကျခံရနိုင်တယ် ဆိုပြီး၊ ပြဌာန်း ထားပေမယ့်၊ ထိုင်းနိုင်ငံထဲမှာ အစဉ်အဆက် အလုပ်သမား တွေ ပဲ ဖမ်းဆီး အရေးယူ ခံနေရတဲ့ အကြောင်း ဦးကျော်သောင်း က ပြောပါတယ်။

မြန်မာနိုင်ငံဘက်ကနေ ထိုင်းနိုင်ငံထဲ ကို နယ်စပ်ဖြတ်ကျော် လူမှောင်ခိုကူးရာမှာ၊ နယ်ခြားဒေသ က နှစ်ဘက်နိုင်ငံ ရဲ့ အာဏာပိုင် အဖွဲ့အစည်းဝင် တွေရဲ့ ပါဝင် ပတ်သက်မှု တွေ ရှိနေသလို၊ ဒေသခံ ထိုင်း အာဏာပိုင် တွေနဲ့ ထိုင်းသူဌေးတွေ အကြား ပတ်သက် ဆက်စပ်မှုတွေ နက်ရှိုင်းကြောင်းလည်း ဦးကျော်သောင်းက ပြောပါတယ်။

မြန်မာ အာဏာပိုင်တွေ အနေနဲ့ ထိုင်းနိုင်ငံထဲ ဒုက္ခရောက်နေတဲ့ မြန်မာ အလုပ်သမားတွေကို ကူညီဖို့ရာ၊ အလုပ်သမားအရေး လက်တွေ့ လှုပ်ရှားနေကြတဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေရဲ့ တင်ပြမှု အကြံအဉာဏ် ပြုမှုတွေကို ပိုမို နားထောင်ဖို့ လိုအပ်တယ် လို့ ဦးကျော်သောင်းက သုံးသပ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ