ယာဘ ငွေလွှဲပေးသူ ဖမ်းမိ

  • 8 ဇွန် 2014
yaba
Image caption ထိုင်းကို ခိုးသွင်းတဲ့ ယာဘ ရောင်းရငွေ တွေ နန်မဏီ ဆီ လွှဲပေးရ

မူးယစ်ဆေးနဲ့ ပတ်သက်တယ် ဆိုတဲ့ မြန်မာ ကုမ္ပဏီ တခုကို ထိုင်းက ငွေလွှဲ ပေးနေတဲ့ ကွင်းဆက် တခု ကို ထိုင်း မူးယစ်ဆေး နှိမ်နင်းရေး ဌာနက မဲဆောက်မြို့မှာ ဖော်ထုတ် ဖမ်းဆီး လိုက်ပါတယ်။

အဖမ်းခံရသူဟာ မဲဆောက်မြို့ မယ်တော် ရပ်ကွက်က နခွန်မဏီ ကုမ္ပဏီပိုင်ရှင် နန်မဏီ ခမ်ဖီလ ဆိုတဲ့ အမျိုးသမီး ဖြစ်ပါတယ်။

ဘန်ကောက် ထိုင်းအလယ်ပိုင်းနဲ့ တောင်ပိုင်း ဒေသ တွေက မူးယစ်ဆေး ဖမ်းဆီးရမှု တွေနဲ့ ဆက်စပ် ဖော်ထုတ်ချက် အရ ထိုင်းမြန်မာ နယ်စပ် နေရာ အတော် များများ ကနေ ထိုင်းကို ခိုးသွင်း လာတဲ့ ယာဘ ဆေးပြား ရောင်းရငွေ တွေကို နန်မဏီ ခမ်ဖီလ ဆီ လွှဲပေးရပြီး သူက တဆင့် မြန်မာ နိုင်ငံကို ပြန်လွှဲ ပေးတာ တနှစ်ကို ဘတ်ငွေ သန်း ၂၄ဝဝ ကျော် ဖြစ်တယ်လို့ ဖော် ထုတ် နိုင်ခဲ့ တာကြောင့် ဝရမ်းနဲ့ လာဖမ်းတာ လို့ ထိုင်း မူးယစ်ဆေး နှိမ်နင်းရေး အဖွဲ့ ထုတ်ပြန်ချက် မှာ ဖော်ပြပါတယ်။

နန်မဏီရဲ့ အိမ်မှာ မူးယစ် ဆေးဝါး မတွေ့ရပေမယ့် သူ့နေအိမ် နဲ့ မြေဂရမ်တွေ၊ ကားတွေနဲ့ ဘဏ်စာရင်း ၇ဝ အပါအဝင် ဘတ်ငွေ သန်း ၂ဝဝ ကျော်ဖိုးကို ယာယီ ထိန်းချုပ် လိုက်ပါတယ်။

ဒီကွန်ယက်ကြီး ထဲမှာ ဘဏ်တွေ ကနေ အဆင့်ဆင့် ငွေလွှဲ လာတာ နောက်ဆုံး မဲဆောက်ကို ရောက် လာတယ်။ နန်မဏီက ဒီငွေတွေကို မြန်မာဘက်ကို လွှဲပေးတယ်၊ ဒီထဲမှာ ပတ်သက်သူ တချို့ရဲ့ ဘဏ် စာရင်းတွေကို ထိန်းချုပ် ထားတဲ့ ဆီမှာပဲ ဘတ်ငွေ သန်း ၁ဝဝ ကျော် နေတယ်၊ သူတို့ အောက်ခြေ အဆက်အသွယ် ဘဏ်စာရင်း နှစ်သောင်းကျော် ကိုလည်း ဆက်ပြီး ဖမ်းဆီး သွားမယ် လို့ ထိုင်း မူးယစ်ဆေး နှိမ်နင်းရေးအဖွဲ့ အတွင်းရေးမှူး ရဲဗိုလ်ချုပ်ကြီး ဖုန်ဆဖတ် ဖုန်ကျ ရိန် က ပြောသွားပါ တယ်။

ပြီးတော့ မြန်မာနိုင်ငံ ထဲကို ရှောင်တိမ်း သွားတဲ့ ဒီကွန်ယက် အဆက်အသွယ် ထိုင်းနိုင်ငံမှာ မူးယစ်ဆေး ဖြန့်ဖြူးသူ မြန်မာ နိုင်ငံသား ၆ ယောက် ကို ဖမ်းပေးဖို့ မြန်မာ မူးယစ် နှိမ်နင်းရေး အဖွဲ့ ကို နာမည်စာရင်း ပို့ထားပြီး ဖြစ်ကြောင်း၊ သူတို့ရဲ့ ရန်ကုန် ၊မော်လမြိုင်နဲ့ မြဝတီမှာ ဖွင့်ထားတဲ့ ဘန်းပြ ကုမ္ပဏီ တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ကို ပို့ထား ပြီးပြီ လို့ ရဲဗိုလ် ချုပ်ကြီး ဖုန်ဆဖတ်က ပြောပါတယ်။

နန်မဏီ ကတော့ သူနဲ့ မူးယစ်ဆေး မပတ်သက်ကြောင်း၊ မြန်မာ နိုင်ငံသား တချို့ကို သူ့နာမည်နဲ့ ဘဏ်စာရင်း ဖွင့်ပေးခဲ့တာပဲ ရှိတာကြောင့် တရားရုံးမှာ သူ့ကိုယ်သူ ကာကွယ် သွားမယ် လို့ပြောပါတယ်။

တရားရုံးက ပြစ်မှုထင်ရှားကြောင်း တွေ့ရှိရင်တော့ ထောင်ဒဏ် တသက် ကနေ သေဒဏ်အထိ ကျခံရနိုင်တယ်လို့ ဗိုလ်ချုပ်ကြီး ဖုန်ဆဖတ်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ