ကချင်မှာ အစိုးရတပ်ရဲ့ နှိပ်စက်မှု ရှိတယ်လို့ စွပ်စွဲ

  • 9 ဇွန် 2014
ဓာတ်ပုံ မူပိုင် fortify
Image caption ကာယကံရှင် ၇၈ ယောက်ရဲ့ ကိုယ်တွေ့ အတွေ့ အကြုံ တွေကို မှတ်တမ်း တင်ထားတဲ့ အစီရင်ခံ စာ

မြန်မာ နိုင်ငံ ကချင် ဒေသမှာ ဆက်လက် ဖြစ်ပွား နေတဲ့ စစ်ပွဲတွေ အတွင်း မြန်မာ အစိုးရ စစ်တပ်က အရပ်သားတွေ အပေါ် စနစ် တကျ ညှင်းပမ်း နှိပ်စက် မှုတွေ ရှိတယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် လူ့အခွင့် အရေး အဖွဲ့ တဖွဲ့က ပြောကြား လိုက်ပါတယ်။

ကချင် ဒေသ တကျော့ပြန် စစ်ပွဲ ၃ နှစ်ပြည့်တဲ့ နေ့မှာ ထုတ်ပြန် လိုက်တဲ့ Fortify Rights အဖွဲ့ရဲ့ အစီရင် ခံစာမှာ အထောက် အထား နဲ့ တကွ ဖေါ်ပြ ထားတာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် ဇွန်လ ကနေ ၂၀၁၄ ခုနှစ် ဧပြီလ အထိ ကာလ အတွင်း အစိုးရ စစ်တပ်၊ စစ်ထောက် လှမ်းရေးနဲ့ ရဲတို့ရဲ့ နှိပ်စက် ညှင်းပမ်းမှု လူ့ အခွင့်အရေး ချိုးဖောက် မှု ဖြစ်ရပ် တွေကို ကာယကံရှင် ၇၈ ယောက်ရဲ့ ကိုယ်တွေ့ အတွေ့ အကြုံ တွေကို မှတ်တမ်း တင်ထားတဲ့ ၇၁ မျက်နှာပါ အစီရင်ခံ စာမှာ ဖော်ပြ ထားပါတယ်။

ဒီ အစီရင်ခံစာ မထုတ်ပြန်ခင် သူတို့ ရရှိတဲ့ အချက် အလက် တွေကို မြန်မာ အစိုးရ သမ္မတ ရုံးကို ပို့ပေး ခဲ့ကြောင်း၊ ဒါပေမယ့်လည်း ဘာမှ တုံ့ပြန် အကြောင်း ကြား လာတာမျိုး မရခဲ့ ဘူးလို့ Fortify Rights အဖွဲ့ရဲ့ ဒါရိုက်တာ တဦးဖြစ်တဲ့ Matthew Smith က ပြောပါတယ်။

ဒီလို လူ့ အခွင့် အရေး ချိုးဖေါက်သူ တွေကို ဖေါ်ထုတ်ပြီး ကျူးလွန် သူတွေကို အရေးယူ သင့်တယ် လို့လည်း Matthew Smith က ပြောပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့် အရေး ကော်မရှင် ကတော့ သူတို့ ကော်မရှင် ဖွဲ့ပြီး ၂ နှစ်ကျော် အတွင်း မြန်မာ နိုင်ငံမှာ စနစ် တကျ လူ့အခွင့် အရေး ချိုးဖေါက် တယ် ဆိုတာ မတွေ့ သေးဘူးလို့ ပြောပါတယ်။

ကော်မရှင်ကို ခိုင်လုံတဲ့ အထောက် အထားတွေနဲ့ တိုင်ကြား မှုတွေ ရှိလာရင်၊ လုံခြုံရေး အရ စိတ်ချ ရရင် သွားရောက် စစ်ဆေးမှုတွေ လုပ်နိုင်ကြောင်း၊ စစ်တပ် ကိုလည်း ခေါ်ယူ စစ်ဆေး နိုင်တဲ့ အခွင့် အရေး ရှိတယ်လို့ ကော်မရှင် အတွင်းအရေးမှူး ဦးစစ်မြိုင်က ပြောပါတယ်။

ကချင် စစ်ပွဲ ရပ်တန့်ရေး အတွက် ဆုတောင်းပွဲ တွေကိုတော့ ရန်ကုန်၊ မြစ်ကြီးနား ဗန်းမော်နဲ့ ဒုက္ခသည် စခန်းတွေမှာ လုပ်ခဲ့ကြ သလို ဗြိတိန် နိုင်ငံ လန်ဒန်မြို့ အပါ အဝင် နိုင်ငံ တချို့မှာ လည်း ဆန္ဒပြပွဲ တွေ၊ ဆုတောင်းပွဲ တွေကို ပြုလုပ်ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ