သန္တိသုခ သံဃာများကို လူဝတ်လဲစေပြီး တရားစွဲပြီ

Breaking News
Image caption မဟာ သန္တိသုခ ကျောင်းကို ဇွန်လ ၁၀ ရက်နေ့ ညက ရဲ အင်အား နဲ့ စီးနင်းခဲ့

ရန်ကုန်မြို့ မဟာ သန္တိသုခ ကျောင်းက ပီနန် ဆရာတော်ကြီး ဦးပညာဝံသရဲ့ တပည့် အင်္ဂလန်က သာသန ရံသီကျောင်း ဆရာတော် ဦးဥတ္တရ အပါ အဝင် သံဃာ ၅ ပါးကို သာသနာရေး ဝန်ကြီးဌာနက အတင်းလူ ဝတ်လဲပြီး အင်းစိန် ထောင်ပို့ လိုက်ပါတယ်။

အဲဒီ သံဃာတော်တွေကို သာသနာ ညစ်နွမ်း စေမှု ပုဒ်မ နှစ်ခုနဲ့ တရားစွဲ လိုက်တာ ဖြစ်ပြီး၊ တာမွေ မြို့နယ် တရားရုံး မှာ ရုံးထုတ်ကာ အင်းစိန် အကျဉ်း ထောင်ကို ပို့လိုက် တာ ဖြစ်ပါတယ်။

သာသနရံသီ ကျောင်းက ဆရာတော် ဦးဥတ္တရဟာ ပီနန် ဆရာတော်ကြီးရဲ့ တရားဝင် ကိုယ်စားလှယ် ဖြစ်ပြီး၊ ဒီကျောင်း အတွက် ယာယီ တာဝန် ယူထား တာ ဖြစ်ပါတယ်။

အခု ဂျပန်မှာ ရောက်နေတဲ့ ပီနန်ဆရာတော် ဦးပညာဝံသ ကတော့ ဒီလို လုပ်ရပ်ကို လက်မခံ နိုင်ကြောင်းနဲ့ သာသနာ ညစ်နွမ်း အောင် လုပ်တယ် ဆိုတဲ့ ကိစ္စကို လည်း ပယ်ချလိုက် ပါတယ်။

အာဏာပိုင်တွေဘက်က ဘာတွေကို ဘာကြောင့် အရေးယူ ဆောင်ရွက်ခဲ့တယ် ဆိုတာကို ကြည့်ပြီး၊ ဝတ္တရား ရှိတဲ့ အတိုင်း ဆက်လက် ဆောင်ရွက် သွားမယ် လို့လည်း ဆရာတော်ကြီးက မိန့်ပါတယ်။

မြန်မာ အစိုးရ သမ္မတရုံး အကြံပေး ဦးအံ့မောင် ကတော့ ပီနန် ဆရာတော် ကြီးဟာ လူစုပြီး၊ ကျောင်းမှာ ရှိတဲ့ မဟန သံဃာ တွေကို ရန်ပြုကာ ကျောင်းကို သိမ်းပိုက်ဖို့ လုပ်နေ တာလို့ စွပ်စွဲ ပါတယ်။

နောက်ပြီး ခွင့်ပြုချက် မရဘဲ ကျူးကျော် နေထိုင်တဲ့ အတွက် အာဏာစက်နဲ့ ကျောင်း ကနေ ဆွဲထုတ် လိုက်တာ ဖြစ်တယ် လို့ သူက ပြောပါတယ်။

ဒီဘုန်းကြီးကျောင်းဟာ မြန်မာ နိုင်ငံက တကာတွေ ဆီကနေ အလှူခံ တည်ဆောက် ခဲ့တာ ဖြစ်ပြီး၊ နိုင်ငံခြား အကူအညီ မပါဘူး လို့လည်း ဆိုပါတယ်။

နိုင်ငံတော် သံဃာ့ မဟာ နာယကနဲ့ ပီနန် ဆရာတော် တို့ကြား ပိုင်ဆိုင်မှု အငြင်း ပွား နေတဲ့ မဟာ သန္တိသုခ ကျောင်းကို ဇွန်လ ၁၀ ရက်နေ့ ညက ရဲ အင်အား နဲ့ စီးနင်း ဝင်ရောက် ခဲ့တာ ဖြစ်ပါတယ်။

အခု လူဝတ်လဲ ခံရပြီး အရေးယူ ခံရတဲ့ သံဃာတွေ ထဲမှာ ဦးဥတ္တရ (လန်ဒန်ဆရာတော်)၊ ဦးပညာဝံသ (လန်ဒန်ဆရာတော်)၊ ဦးသုန္ဒရ၊ ဦးတေဇိန္ဒ (ကမ္ဘာအေး တက္ကသိုလ် ကယား အဆောင်မှူး) တို့ ပါဝင်ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ