နယ်စပ်အရေး ဘင်္ဂလား ဗမာ ဆွေးနွေး

  • 10 ဇွန် 2014
Bangla Burma
Image caption နယ်စပ် ပဋိပက္ခကို ပူးပေါင်းဖြေရှင်းမှ ရမည်ဆို

နေပြည်တော်မှာ ရောက်နေတဲ့ ဘင်္ဂလား နယ်ခြား စောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အဇစ်နဲ့ မြန်မာအစိုးရတို့ နယ်ခြား ပြဿနာ အရေး ဆွေးနွေးခဲ့ ကြပါတယ်။

နှစ်နိုင်ငံကြားမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို အပြုသဘောနဲ့ ဆွေးနွေးခဲ့တယ်လို့ အစည်းအဝေး တက်ရောက်ခဲ့သူ ရဲဦးစီး အရာရှိချုပ် ရဲမှူးချုပ် ဝင်းခေါင်က ပြောပါတယ်။ နှစ်ဖက်အကြားမှာ ငြင်းခုန်မှု မရှိဘူးလို့လည်း သူက ပြောပါတယ်။

နှစ်ဖက်ပစ်ခတ်သေဆုံးမှုတွေ နောင်မှာ မဖြစ်ပွားအောင် နားလည်မှုရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲမှာ နယ်ခြားစောင့်တပ်ဖွဲ့ တပ်မှူးတွေလည်း ပါဝင်တဲ့ အတွက် ပြဿနာကို အောက်ခြေအထိ နားလည်မှု ရအောင် ဆောင်ရွက်နိုင်လိမ့်မယ်လို့လည်း ဆိုပါတယ်။

ပြဿနာတွေ ကြီးကျယ်ရတာဟာ ဘင်္ဂလားဒေ့ရှ် မီဒီယာတွေက လှုံ့ဆော်ရေးသားလို့ ဖြစ်ရတယ်လို့လည်း ရဲမှူးချုပ် ဝင်းခေါင်က အပြစ်တင် ပြောဆိုသွားပါတယ်။

ရိုဟင်ဂျာလက်နက်ကိုင် သူပုန်ကိစ္စအပါအဝင် ထွက်ပေါ်လာမယ့် ရလဒ်တွေကိုတော့ ဗုဒ္ဓဟူးနေ့ ဆွေးနွေးပွဲ အပြီးမှ တိတိကျကျ သိရမယ်လို့ ဆိုပါတယ်။

နှစ်ဖက် သတင်းဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်မှသာ ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းနိုင်မယ်လို့လည်း သူကဆိုပါတယ်။