အင်းစိန်ထောင်ထဲက အကျဉ်းသား ၂ဦး ၁၀တန်းအောင်

ဓာတ်ပုံ မူပိုင် AFP
Image caption အစိုးရသစ် တက်လာပြီးနောက်ပိုင်း အကျဉ်းသားတွေ ထောင်ထဲမှာ ပညာသင်ခွင့် ရလာကြ

နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ အင်းစိန်ထောင် ဟာ ဒီနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲ အောင်စာရင်း ထွက်အပြီးမှာတော့ အကျဉ်း သား ၇ ဦး ဖြေဆိုခွင့် ပေးတဲ့အထဲက ၂ဦး အောင်တဲ့ အတွက် မျက်နှာပန်း လှသွားခဲ့ရ ပါတယ်။

အင်းစိန် ထောင်တွင်းစံ အကျဉ်းသား ဘဝကနေ တက္ကသိုလ် ဝင်တန်း စာမေးပွဲကို ဘောဂဗေဒ ဘာသာတွဲနဲ့ အောင်မြင်ခဲ့သူ ၂ယောက်ကတော့ မောင်ဟိန်းထက်နဲ့ မောင်မျိုးညွန့်ဦး တို့ပဲ ဖြစ်ပါတယ်။

သူတို့ ၂ဦးစလုံးဟာ ခိုးမှုတခုနဲ့ ထောင် ၅နှစ် ကျခံနေရတာ ဖြစ်ပြီး ၂၀၁၅ ခုနှစ် ဇူလိုင်လမှာမှ လွတ်မြောက်ကြမယ့်သူတွေဖြစ်ပါတယ်။

သူတို့အောင်မြင်မှုဟာ အစိုးရသစ် တက်လာတဲ့ နောက်ပိုင်း အင်းစိန်ထောင် သမိုင်းမှာ ပထမဆုံး ထောင်တွင်း ကျောင်းသား တက္ကသိုလ် ဝင်တန်း အောင်မြင်မှု လည်း ဖြစ်ပါတယ်။

အင်းစိန် အကျဉ်းထောင်ထဲမှာ ကျောင်းသား စုစုပေါင်း ၁၂၁ ဦး ရှိပြီး အပြင်က ကျောင်းအတိုင်း ပညာသင်ကြားပေးနေတယ်လို့ အင်းစိန်ထောင်က အရာရှိတဦးက ဘီဘီစီကို ပြောပါတယ်။

အရင်တုန်းက ထောင်ကျအကျဉ်းသားတွေဟာ ပညာသင်ခွင့်ဆုံးရှုံးပြီး ၂၀၁၀ခုနှစ် နောက်ပိုင်းမှာမှ ပညာသင်ခွင့်တွေ ရပြီး စာမေးပွဲ ဖြေဆိုခွင့်တွေပါ ရကြတာ ဖြစ်ပါတယ်။

လက်ရှိ ထောင်အာဏာပိုင်တွေကတော့ ပညာရေး တပိုင်းတစနဲ့ လူငယ်တွေကို ပညာသင်ခွင့် မဆုံးရှုံးအောင် ပညာသင်ဖို့ ဆန္ဒရှိတဲ့ ကလေးတွေကို ပညာသင်ခွင့် ရဖို့ စီစဉ် ဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။

အစိုးရသစ် တက်လာပြီးတဲ့ နောက်ပိုင်း ခုလို ပညာသင်ခွင့်တွေ ရသလို ထောင်ကျ အကျဉ်းသားတွေကို နိုင်ငံခြား ဘာသာ တချို့ သင်ပေးတာ၊ အသက်မွေး ဝမ်းကြောင်း ပညာတွေ သင်ပေးတာ၊ စာတတ်မြောက်ရေး လှုပ်ရှားမှုတွေ လုပ်လာတာတွေလည်း ရှိတယ်လို့ အကျဉ်းသားတွေကလည်း ပြောပါတယ်။