မဟာသန္တိသုခကျောင်းကို ချိပ်ပိတ်ဖို့ အမိန့်ထုတ်

  • 11 ဇွန် 2014
Image caption ပီနန်ဆရာတော်က ကိုယ်စားလှယ် လွှဲထားတဲ့ လန်ဒန် သာသနာ့ရံသီ ကျောင်းထိုင် ဆရာတော်လည်း ကျောင်းထဲကနေ ပင့်ထုတ်ခံသွားရ

ရန်ကုန်မြို့ တာမွေမြို့နယ်တွင်းက ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ မဟာသန္တိသုခကျောင်းကို တိုင်းသံဃနာယကအဖွဲ့ ညွှန်ကြားချက်နဲ့ အာဏာပိုင်တွေက ချိပ်ပိတ်ဖို့ အင်္ဂါနေ့ညက အမိန့် ထုတ်ပြန်လိုက်ပါတယ်။

ဒီကျောင်းဟာ နအဖ အစိုးရ လက်ထက်တုန်းက ပီနန် ဆရာတော်ကြီး ဦးပညာဝံသကို လှူဒါန်းထားတဲ့ ကျောင်းလို့ သိရပြီး ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်းမှာတော့ ဂေါပကအဖွဲ့နဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတာ ဖြစ်ပါတယ်။

ကျောင်းပြင်ပမှာ လုံထိန်း ရဲတပ်ဖွဲ့ဝင်တွေက ဝိုင်းပြီး ကျောင်းကို ချိပ်ပိတ်ခဲ့သလို ကျောင်းမှာ သီတင်းသုံးနေတဲ့ ပီနန်ဆရာတော်ကြီးရဲ့ တပည့် သံဃာတော် တွေကိုလည်း အာဏာပိုင် တွေက အမိန့်စာ ဖတ်ပြပြီး ကျောင်းထဲကနေ ညတွင်းချင်း ထွက်ခိုင်းခဲ့ပါတယ်။

ဝေယျာဝစ္စ လုပ်ပေးနေကြတဲ့ လူပုဂ္ဂိုလ် တချို့ကိုလည်း ရဲစခန်းကို ခေါ်သွားခဲ့ပါတယ်။

နောက်ဆုံးရတဲ့ သတင်းအရ သံဃာတော်တချို့ကို ကမ္ဘာအေး ဘုရားဝင်းထဲကို ပင့်ခေါ်သွားတယ်လို့ သိရပါတယ်။

မဟာ သန္တိသုခကျောင်းမှာ သီတင်းသုံးနေကြတဲ့ သံဃာတော်တွေကို မတ်လ ၃၁ရက်နေ့ နောက်ဆုံးထားပြီး ကျောင်းတော်ထဲကနေ အပြီး ထွက်ပေးကြဖို့ မတ်လ ပထမပတ်တုန်းက စာထုတ် ထားခဲ့ပါတယ်။