ဘာသာရေး ဥပဒေကြမ်းတွေကို ကန်ဝေဖန်

  • 12 ဇွန် 2014
buddhist myanmar ဓာတ်ပုံ မူပိုင် AFP Getty Images
Image caption မွတ်ဆလင် ဆန့်ကျင်ရေး ဟောပြောသူ ဦးဝီရသူ

နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် တွေ စောင့်ကြည့်တဲ့ အမေရိကန် အေဂျင်စီ တခုက မြန်မာနိုင်ငံမှာ အဆိုပြု ထားတဲ့ ဘာသာရေး ဥပဒေ တွေကို ပြဋ္ဌာန်းခဲ့ရင် နုနယ်တဲ့ ဒီမိုကရေစီ ခရီးလမ်းမှာ ပြင်မရတဲ့ ခြေလှမ်း အမှား ဖြစ်လာနိုင်တယ်လို့ ပြောခဲ့ပါတယ်။

ဝါရှင်တန်မှာ အခြေစိုက်တဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ဆိုင်ရာ အပြည်ပြည် ဆိုင်ရာ ကော်မရှင်က ဒီလို ဥပဒေတွေဟာ ၂၁ ရာစု ကမ္ဘာကြီးမှာ မရှိသင့် တော့တဲ့ ကန့်သတ်ချက် တွေလို့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာ တစောင်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဒီဥပဒေတွေကို အတည်ပြု ပြဋ္ဌာန်းခြင်း ဆက်မလုပ်ဖို့ ကိုလဲ သူတို့က မြန်မာနိုင်ငံကို တောင်းဆို ခဲ့ပါတယ်။

အမေရိကန် အစိုးရ တာဝန်ရှိသူတွေက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ဆောင်ချက် တွေကို အသိအမှတ် ပြုထားပြီး သံတမန် ဆက်ဆံရေး တိုးမြှင့်တာတွေ၊ အကူအညီ ပေးတာတွေ ပြုလုပ်နေပါတယ်။

ဒါပေမဲ့ ဒီလို ဘာသာရေး အရ ဖိနှိပ် ချုပ်ချယ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းပြီး နောက်ပြန်ဆုတ်တဲ့ ခြေလှမ်း တွေကို ဆက်လုပ်နေမယ် ဆိုရင် မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို ပြန်စဉ်းစားဖို့ အမေရိကန် အစိုးရကို ဖိအားပေး သွားမယ်လို့ အမေရိကန် ကော်မရှင်က ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံက ဘာသာရေး တင်းမာမှု ပြသနာတွေမှာ မြန်မာအစိုးရရဲ့ ကိုင်တွယ်ပုံ ကိုလဲ ဒီကော်မရှင်က ပေါ်လစီနဲ့ သုတေသန ညွှန်ကြားရေးမှူး နောက်စ် သိမ်းစ်က ဝေဖန်ခဲ့ပါတယ်။

ဒီအခြေအနေကို ဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်း ကတော့ အကြမ်းဖက်ဖို့ လှုံ့ဆော်တဲ့သူ တွေနဲ့ ပါဝင်တဲ့သူတွေ၊ သူတပါးကို တိုက်ခိုက်သူ တွေကို ဖမ်းပြီး ထောင်ထဲ ထည့်ဖို့ပါပဲ ။ နိုင်ငံထဲမှာ နေထိုင်တဲ့ လူတိုင်း ဥပဒေ အရ အကာအကွယ် ရပြီး လူ့အခွင့်အရေး အပြည့်အဝ ခံစားနိုင်ဖို့က အစိုးရရဲ့ တာဝန်ပါ ။ အစိုးရဟာ ခေါင်းဆောင်မှု ပေးတဲ့အခါ လုပ်ပုံကိုင်ပုံ တွေကို ပြောင်းဖို့ လိုနေပါတယ် လို့ သူက ပြောသွားပါတယ် ။

သူတို့က အမေရိကန် မြန်မာကြား အစိုးရချင်း ဖိအားပေးဖို့ အမေရိကန် ဘက်ခြမ်းကို တိုက်တွန်းမယ်လို့ နောက်စ်က ဆက်ပြောပါတယ် ။

ဒါပေမဲ့ ဒီကော်မရှင်ရဲ့ တိုက်တွန်းချက်တွေဟာ အမေရိကန် မဖြစ်မနေ လိုက်နာ ဆောင်ရွက် ရမယ့် ပြဋ္ဌာန်းချက်တွေ မဟုတ်ဘူး လို့တော့ သိရပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ