သန္တိသုခ သံဃာအချို့ပြန်လွတ်လာ

  • 12 ဇွန် 2014
Santisukha dispute
Image caption ပြန်လွတ်လာကြသူတွေထဲမှာ ဦးဥတ္တရတော့ မပါသေး

ဇွန်လ(၁၀)ရက်နေ့ ညမှာ အာဏာပိုင်တွေက မဟာသန္တိသုခကျောင်းကနေ ဖမ်းဆီး ထိန်းသိမ်းခံခဲ့တဲ့ သံဃာအပါး (၂၀)ထဲက သံဃာတော်တွေထဲက (၁၅)ပါး ဇွန်လ ၁၁ ရက်နေ့မှာ ပြန်လွတ်လာပြီ ဖြစ်ပါတယ်။

သံဃာတော် (၅)ပါးကိုတော့ ဆက်လက် ထိန်းသိမ်းထားတယ်လို့ သာသနာရေး ဝန်ကြီးဌာနက အတည်ပြု ပြောဆိုပါတယ်။ ဒီသံဃာ(၅)ပါးနဲ့ ပတ်သက်ပြီး ဘယ်လို ဆုံးဖြတ်မလဲ ဆိုတာကို တော့ စိစစ်နေဆဲ ဖြစ်တယ်လို့ သာသနာရေး ဝန်ကြီး ဌာနက တာဝန်ရှိသူတဦးက ဘီဘီစီကို ပြောပါတယ်။

မဟာသန္တိသုခကျောင်းကြီးကို နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ လက်ထက်မှာ ပီနန်ဆရာတော်ကြီး ဦးပညာဝံသကို အပ်နှင်းခဲ့တာဖြစ်ပြီး အခုအခါမှာ ဂေါပကအဖွဲ့က ပြန်လည်ရယူဖို့ကြိုးပမ်းလာရာက ပိုင်ဆိုင်မှု အငြင်းပွားတဲ့ ပြဿနာစတင်လာခဲ့တာ ဖြစ်ပါတယ်။

အခုနောက်ဆုံး သံဃမဟာနာယကအဖွဲ့ရဲ့ အမိန့်စာနဲ့ ကျောင်းနေသံဃာတွေကို ဖယ်ရှားပေးဖို့ ညွှန်ကြားခဲ့ပြီး မဖယ်ပေးတဲ့သူတွေကို ခေါ်ယူထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

ပြန်လွတ်လာတဲ့အထဲမှာ ပီနန်ဆရာတော်ကြီးရဲ့ ကိုယ်စားလှယ် အဖြစ် လွှဲအပ်ခြင်းခံထားရတဲ့ လန်ဒန်က ဆရာတော် ဦးဥတ္တရ မပါဝင်သလို ခုချိန်ထိ လည်း အဆက်အသွယ်မရသေးဘူးလို့ ဒါယိကာ တစ်ဦးက ပြောပါတယ်။ မဟာသန္တိသုခကျောင်းကို နိုင်ငံတော်သံဃမဟာနာယက အဖွဲ့နဲ့ အာဏာပိုင်တွေက ဝင်ရောက်စဉ် ဖမ်းဆီးခဲ့တဲ့ လူ (၃၂)ဦးကိုတော့ တာမွေရဲစခန်းက ခံဝန်ကတိ နဲ့ လွှတ်ပေးခဲ့ပါတယ်။ သန္တိသုခကျောင်းကြီးအနား မလာပါဘူး၊ ကျောင်းကြီးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာလည်း ပါဝင်ပတ်သက်လုပ်ဆောင်တာမျိုး မလုပ်ဘူးဆိုတာ သဘောတူကြောင်း ခံဝန်လက်မှတ်ထိုးပေးခဲ့ရတယ်လို့ လွတ်လာသူ တဦးက ပြောပြပါတယ်။

သာသနာရေးဝန်ကြီးဌာန ဘက်ကတော့ သံဃတော်တွေဟာ မဟာသန္တိသုခကျောင်းမှာ ခွင့်ပြုချက်မရှိဘဲ သီတင်းသုံးနေထိုင်တဲ့အတွက် ထိန်းသိမ်းထားဖြစ်ပြီး ဒီအတွက် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းတွေ နဲ့ အညီ စိစစ်အရေးယူမှာ ဖြစ်တယ်လို့ ပြောပါတယ်။