လန်ဒန်ဆရာတော်လွတ်ရေး ဗြိတိသျှအစိုးရကူမယ်

  • 14 ဇွန် 2014
santisuka_monestry_monks
Image caption လန်ဒန်မြို့ သာသနရံသီ ဝိဟာရ ဆရာတော် ဦးဥတ္တရ

ရန်ကုန်မြို့ တာမွမြို့နယ် မှာ ရှိတဲ့ မဟာသန္တိသုခ ဘုန်းကြီးကျောင်း ကို အစိုးရက သိမ်းပိုက် ချိပ်ပိတ်ပြီးတဲ့ နောက်၊ တရားစွဲဆို လူဝတ်လဲပြီး အင်းစိန် အကျဉ်းထောင် မှာ ဖမ်းဆီးထားတဲ့ လန်ဒန်မြို့ သာသနာ့ရံသီ ဝိဟာရ ကျောင်းထိုင် ဆရာတော် ဦးဥတ္တရ ကို ပြန်လွှတ် ပေးဖို့ အတွက်၊ အဲဒီ့ ကျောင်းက တိုက်အုပ် ဆရာတော် ဦးသီလိဠ က၊ ဗြိတိန်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ် ဦးကျော်စွာမင်း ကို သွားရောက် တိုက်တွန်းခဲ့ သလို၊ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးဌာန ကိုလည်း အကူအညီ ပေးဖို့ သွားရောက် ပြောဆိုခဲ့ပါ တယ်။

ပီနန်ဆရာတော် နဲ့ သံဃမဟာနာယက အဖွဲ့တို့ အကြား၊ ပိုင်ဆိုင်မှု အငြင်းပွား နေကြ တဲ့ မဟာသန္တိသုခ ကျောင်းအရေး နဲ့ ပတ်သက်ပြီး၊ သံဃ မဟာနာယက အဖွဲ့ ခွင့်ပြုချက်မရပဲ စည်းဝေး ဆွေးနွေးခဲ့မှု၊ သံဃာ သင်းကွဲစေမှုတို့ နဲ့ ဆရာတော် ဦးဥတ္တရ ကို စွပ်စွဲထားပါ တယ်။

ဦးဥတ္တရ အဖမ်းအဆီး ခံထားရမှု နဲ့ ပတ်သက်ပြီး၊ စုံစမ်းမေးမြန်း ဖို့ မြန်မာနိုင်ငံမှာ ရှိတဲ့ ဗြိတိသျှ သံရုံး ကို ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးဌာန က အကြောင်းကြား လိမ့်မယ် လို့ ဦးသီလိဠ က မိန့်ပါတယ်။

ဆရာတော် ဦးဥတ္တရ ဟာ၊ လန်ဒန်မြို့ စိန့်ထောမတ်စ် ဆေးရုံး မှာ၊ လူနာတွေကို တရားပြ နှစ်သိမ့်မှု ပေးသူအဖြစ် လည်း ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ ဆေးရုံတည်ရှိရာ နယ်မြေရဲ့ ပါလီမန်အမတ် ဆိုင်မွန်ဟျူး ကလည်း၊ ဆရာတော် လွတ်မြောက်ရေးကို ကူညီဖို့ ဗြိတိသျှ အစိုးရကို စာရေးသား တောင်းဆို ထားပါတယ်။

လန်ဒန် မြို့တော် အချက်အချာ မှာတည်ရှိတဲ့ စိန့်ထောမတ်စ် ဆေးရုံးမှာ၊ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ လူနာတွေ အတွက် တရားပြပေးနေတဲ့ ဆရာတော် အခုလို အဖမ်းအဆီး ခံရတဲ့အပေါ်၊ အလွန် စိတ်မကောင်း ဖြစ်ရပြီး၊ စိုးရိမ်ကြောင်း၊ အဆိုပါ ဆေးရုံရဲ့ ပြန်ကြားရေး တာဝန်ခံ မက်အေကစ်ဒ် က ဘီဘီစီကို ပြောပါ တယ်။

အခု ချိပ်ပိတ်ခံထားရ တဲ့ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ထဲ က မဟာသန္တိသုခ ကျောင်းရှေ့ မှာ လူသွားလူလာ မရှိသလို၊ ကျောင်းကိုလည်း သံဆူးကြိုး အကာအရံတွေ နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် တွေ စောင့်ကြပ်နေပါ တယ်။

ဒီ ကျောင်းမှာ ပီနန်ဆရာတော်ကြီး နဲ့ သံဃ(၅)ပါးကို နေ့စဉ် ဆွမ်းကပ်ခဲ့တဲ့ ရပ်ကွက်နေ ဒယိကာမ တစ်ဦးကတော့ သံဃာတွေ ဆွမ်းစားချိန် ရောက်တိုင်း အင်မတန် ဝမ်းနည်းရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်၊ ဒီကျောင်းကိစ္စနဲ့ ပတ်သက်လို့ သဘောထား မှတ်ချက်တွေ ပြုရင်၊ အာဏာပိုင်တွေဘက်က ငြိငြင် ဖမ်းဆီး စစ်ဆေးမှာ ကို ရပ်ကွက်နေ ပြည်သူတွေ စိုးရိမ် နေကြပါတယ်။

မဟာသန္တိသုခကျောင်း ကို ပီနန်ဆရာတော် က စတင် တည်ထောင် ခဲ့ပေမယ့်၊ ဒီကျောင်းတိုက် ဟာ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကို ရေစက်ချ လှူဒါန်းပြီး ဖြစ်တဲ့ အတွက်၊ ဝိနနည်း အရ ပီနန်ဆရာတော်ကြီး မပိုင်တော့ဘူး လို့ သာသနာရေး ဝန်ကြီးဌာနဘက် က ထုတ်ပြန်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ