ဦးဥတ္တရအရေး ဗြိတိသျှအမတ် ဆောင်ရွက်

  • 15 ဇွန် 2014
santisuka_monestry_monks_seal
Image caption ဆရာတော် ဦးဥတ္တရ

ပီနန်ဆရာတော် ဦးပညာဝံသနဲ့ နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့တို့ကြား အငြင်းပွားနေတဲ့ မဟာသန္တိသုခ ဘုန်းကြီး ကျောင်းကို အစိုးရက ချိတ်ပိတ်တဲ့ညမှာ အဖမ်းခံခဲ့ရတဲ့၊ ပီနန်ဆရာတော်ရဲ့ တပည့်ရင်း လန်ဒန် သာသနာ့ ရံသီဝိဟာရ ဆရာတော် ဦးဥတ္တရ လွတ်မြောက်ရေး အတွက် ဖြစ်နိုင်ခြေ အားလုံးကို စဉ်းစား လုပ်ဆောင်သွားမယ် လို့ လန်ဒန်မြို့ Southwark နယ်မြေက ပါလီမန်အမတ် Simon Hughes က ပြောပါတယ်။

ဆရာတော် ဦးဥတ္တရဟာ၊ မစ္စတာ ဟျူးရဲ့ မဲဆန္ဒ နယ်မြေထဲမှာ တည်ရှိတဲ့ စိန့်သောမတ်စ် အန် ဂိုင်းစ် ဆေးရုံမှာ ဘာသာပေါင်းစုံ လူနာတွေကို တရားပြပေးနေသူ ဖြစ်ပါတယ်။ အဲဒီ့ ဆေးရုံဟာ ဗြိတိန်နိုင်ငံရဲ့ ပါလီမန် အဆောက်ဦကြီးရဲ့ အနီးတည်ရှိပြီး၊ အင်မတန် ထင်ရှားတဲ့ ဆေးရုံကြီး ဖြစ်ပါတယ်။

ဆရာတော် လွတ်မြောက်ရေးမှာ ဗြိတိန် အစိုးရအနေ နဲ့ ကူညီနိုင်ဖို့ ဗြိတိန် နိုင်ငံခြားရေး ဌာနကို သွားရောက်ပြီး၊ နိုင်ငံခြားရေး ဝန်ကြီး နဲ့ တွေ့ဆုံခဲ့သလို၊ နိုင်ငံခြားရေး ဌာနက အတွင်းဝန်တွေနဲ့လဲ တွေ့ဆုံခဲ့တယ် လို့ မစ္စတာဟျူး က ဆိုပါတယ်။

ဒီလို သံဃာတွေကို ဖမ်းဆီးပြီး၊ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်ထောင် ကို ပို့လိုက်တဲ့ လုပ်ရပ်ကြောင့်၊ လက်ရှိ မြန်မာ အာဏာပိုင်တွေ ရဲ့ သဘောထားကို သိမြင်လိုက်ရတဲ့ အတွက်၊ ဗြိတိန်နိုင်ငံဘက်က အသိုင်းအဝိုင်းတွေထဲ မှာ စိုးရိမ်မှုတွေ ဖြစ်လာရတယ် ဆိုပြီးတော့လည်း ဆိုင်မွန် ဟျူးက ပြောပါတယ်။

ဒီအရေးနဲ့ ပတ်သက်ပြီး၊ ဗြိတိန် နိုင်ငံခြားရေးရုံးရဲ့ မြန်မာနိုင်ငံအရေး ကိုင်တွယ်တဲ့ ဌာနနဲ့ နေ့စဉ် အဆက်အသွယ် လုပ်နေကြောင်းလည်း သူက ပြောပါတယ်။ ဒါပေမယ့် အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခု ရဲ့ ပြည်တွင်းရေး ကိစ္စတွေ မှာ နိုင်ငံတကာ သံရုံးတွေ အနေနဲ့၊ ဝင်ပါဖို့ ခက်ခဲတဲ့ အနေထားမျိုး ဖြစ်တယ် ဆိုတာကိုလည်း မစ္စတာ ဟျူးက သုံးသပ်ပါတယ်။

ဒီလိုခက်ခဲတဲ့ အခြေအနေတွေ ကြားထဲကပဲ၊ အခု အဖမ်းအဆီး ခံထားရတဲ့ သံဃာတွေဟာ၊ မြန်မာနိုင်ငံရဲ့ လုံခြုံရေးနဲ့ တည်ငြိမ် အေးချမ်းရေးကို ထိခိုက်စေမယ့်သူတွေ မဟုတ်ဘူးဆိုတာကို မြန်မာအာဏာပိုင်တွေ လက်ခံလာပြီး ပြန်လွှတ် ပေးဖို့အတွက် ဖြစ်နိုင်ခြေ အားလုံးကို စဉ်းစားပြီး လုပ်ဆောင်သွားမယ် ဆိုပြီးတော့လည်း မစ္စတာ ဟျူးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ