တအန်းလက်နက်ကိုင်တွေနဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲပြင်းထန်

  • 15 ဇွန် 2014
ဓာတ်ပုံ မူပိုင် T.N.L.A
Image caption အစိုးရနဲ့ PSLF/TNLA အပစ်ရပ်ရေး ဆွေးနွေးနေမှုတွေ ရှေ့မဆက်နိုင်သေး

တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA လက်နက်ကိုင်အဖွဲ့တွေ အခြေစိုက် လှုပ်ရှားနေရာ ရှမ်းပြည် မြောက်ပိုင်းမှာ TNLA နဲ့ အစိုးရတပ်တွေ အကြား ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲတွေ အခု ရက်ပိုင်းအတွင်း တနေ့တခြား ပြင်းထန်လာ နေပြီး ဒီကနေ့ တနင်္ဂနွေနေ့မှာလည်း တိုက်ပွဲတွေ ထပ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဧပြီလက စတင် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ အခုဇွန်လမှာ ပိုပြင်းထန်လာ နေပြီး ကွတ်ခိုင်၊ မိုင်းတုံ၊ မိုးမိတ် စတဲ့ မြို့နယ်တွေမှာ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ PSLF ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး/TNLA တအန်း အမျိုးသား လွတ်မြောက် ရေး တပ်မတော် အကြီးအကဲ ဗိုလ်မှူးချုပ် တာအိုက်ဘုန်းက ဘီဘီစီကို ပြောပါတယ်။

အစိုးရတပ်ဖွဲ့တွေဘက်က တပ်အင်အားတွေ တိုးချဲ့လာနေတာကို ကြည့်ခြင်းအားဖြင့် ဒီတိုက်ပွဲတွေဟာ သမရိုးကျ တိုက်ပွဲတွေ မဟုတ်တော့ပဲ နယ်မြေ စိုးမိုးဖို့ အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အပြတ် ချေမှုန်း ပစ်ဖို့ ရည်ရွယ်ချက်နဲ့ ထိုးစစ်ဆင် တိုက်လာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲတွေကြောင့် အပစ်ရပ်ရေး တွေ့ဆုံ ဆွေးနွေးရေးတွေမှာ ဖြစ်ဖြစ်၊ တနိုင်ငံလုံး အပစ်ရပ်ရေး မှာဖြစ်ဖြစ် ထိခိုက်မှုတွေ ရှိလာနိုင်ကြောင်း၊ ဒါ့ကြောင့် ဘယ်နေရာ ဒေသမှာမှ တိုက်ပွဲတွေ မဖြစ်အောင် ဘယ်လို လုပ်မလဲ ဆိုတာ နည်းလမ်းရှာပြီး တိုက်ပွဲတွေ လျှော့ချဖို့၊ ယုံကြည်မှု တည်ဆောက်ဖို့ တွေကို ရှေ့ဆက် လုပ်သွားဖို့ လိုတယ်လို့ ယူဆကြောင်း ဗိုလ်မှူးချုပ် တာအိုက်ဘုန်းက ပြောပါတယ်။

အပစ်ရပ်ရေး ဆွေးနွေးမှုတွေ လုပ်နေတဲ့ PSLF/TNLA အနေနဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ လတ်တလော တွေ့ဆုံ ညှိနှိုင်းနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်း အမျိုးမျိုးကြောင့် ဆွေးနွေးခွင့် မရခဲ့ဘူးလို့ ဆိုပါတယ်။

အစိုးရကို PSLF/TNLA အဖွဲ့ ဘက်က တင်ပြထားတဲ့ အချက်တွေ ထဲမှာ အပစ်ရပ်ရေး မဆွေးနွေးခင် နိုင်ငံရေး ဆွေးနွေးဖို့၊ အစိုးရ ဘက်က တိုးချဲ့ထားတဲ့ တပ်တွေကို ပြန်ဆုတ်ပေးဖို့ နဲ့ နှစ်ဘက် တိုက်ပွဲတွေ လျှော့ချ နိုင်ရေး လုပ်ဆောင် ဖို့တွေ ပါဝင်ပါတယ်။