ဖမ်းဆီးသံဃာတွေ လွတ်ရေး သံရုံးရှေ့မှာ ဆန္ဒပြ

  • 16 ဇွန် 2014
Protesters in London outside Burmese Embassy
Image caption ဆရာတော် ဦးဥတ္တရရဲ့ ဓါတ်ပုံတွေကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြ

ရန်ကုန်မြို့က မဟာ သန္တိသုခကျောင်းကို စီးနင်းခဲ့ပြီးနောက် ဖမ်းဆီး လူဝတ်လဲခံခဲ့ကြရတဲ့ လန်ဒန် မြို့သာသနာ့ရံသီ ဝိဟာရ ကျောင်းက ဆရာတော် ဦးဥတ္တရနဲ့ သံဃာ ၅ ပါး ပြန်လည် လွတ်မြောက်ရေး အတွက် လန်ဒန်မြို့က မြန်မာ နိုင်ငံ သံရုံးရှေ့မှာ ဇွန်လ ၁၆ ရက်နေ့ တနင်္လာနေ့က ဆန္ဒပြခဲ့ကြ ပါတယ်။

တရာတော် ဦးဥတ္တရကို လေးစား ကြည်ညိုကြသူ နိုင်ငံခြားသား ဒကာဒကာမတွေနဲ့ မြန်မာ တွေ စုစုပေါင်း ၁၅၀ လောက် ဆန္ဒ ပြခဲ့ကြတယ်လို့ ဆန္ဒပြမှုကို ဦးဆောင်သူ သာသနာ့ရံသီ ကျောင်းက ဂေါပက အဖွဲ့ဝင် ဒေါက်တာ ဝင်းထွဋ်က ဘီဘီစီကို ပြောပါတယ်။

ဆရာတော် ဦးဥတ္တရဟာ ဗုဒ္ဓဘာသာ သာသနာ ပြန့်ပွားရေး လုပ်ဆောင်သူ သံဃာ တစ်ပါး ဖြစ်ပြီး သာရေးနာရေး ဘာသာရေးက လွဲပြီး တခြားဘာ ရည်ရွယ်ချက်မှ မရှိဘူးဆိုတာ မြန်မာ နိုင်ငံ သံရုံးနဲ့ မြန်မာ အစိုးရ သိသွားစေဖို့၊ လူအများ သိသွားစေဖို့ မီးမောင်ထိုးပြတဲ့ အနေနဲ့ အခုလို ဆန္ဒပြတာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

သံဃာတော်တွေ လွတ်မြောက်ရေး အတွက် ဗြိတိန် ဝန်ကြီးချုပ်ကို သွားရောက် တွေ့ဆုံပြီး သံရေး တမန်ရေး နည်းနဲ့ ဖြေရှင်းဖို့ ကြိုးပမ်း နေမှုတွေ ရှိနေချိန်မှာ အခုလို ဆန္ဒပြမှုတွေကြောင့် သက်ရောက်မှုတွေ နဲ့ ပတ်သက်လို့တော့ သူတို့ အနေနဲ့က လူတိုင်းမှာ ဆန္ဒထုတ်ဖော်ခွင့် ရှိတဲ့ အတိုင်း ဆန္ဒ ထုတ်ဖော် တာသာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဆန္ဒပြရာမှာ ကြွေးကြော်သံတွေ အော်ဟစ် တောင်းဆို ကြတာ မဟုတ်ဘဲ ဆရာတော်နဲ့ ဗြိတိန် ဝန်ကြီးချုပ် အဆက်ဆက် အတူ တွဲရိုက်ထားတဲ့ ဓါတ်ပုံတွေကို ကိုင်ဆောင်ပြီး အေးအေးချမ်းချမ်း ဆန္ဒပြခဲ့ကြတာ ဖြစ်တယ်လို့ လည်း သူက ပြောပါတယ်။

သူတို့ ဆန္ဒပြတာက ဆရာတော်တွေနဲ့ ပတ်သက်တဲ့ မှားယွင်း လုပ်ဆောင်မှုတွေ၊ မှားယွင်းတဲ့ အတွေး အခေါ်တွေကို ထောက်ပြတာ ဖြစ်တယ်၊ မှားယွင်းနေတဲ့ ဥပဒေတွေကို ပြင်ဖို့လိုတယ်ဆိုတာ မီးမောင်းထိုးပြတာ ဖြစ်တယ်လို့ ဒေါက်တာ ဝင်းထွဋ်က ပြောပါတယ်။

တနင်္လာနေ့ကပဲ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်းနဲ့ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင်တချို့တို့က အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ သံဃာတော် ၅ ပါး အတွက် ထောင်ဝင်စာ ပေးပို့ခဲ့ကြ ပါတယ်။

စစ်ဆေးမေးမြန်းနေစဉ် ကာလ ဖြစ်လို့ လူကိုယ်တိုင် တွေ့ဆုံခွင့် တစ်လ ပိတ်ပင်ထားတဲ့ အတွက် တွေ့ခွင့် မရခဲ့ကြ ဘူးလို့ ၈၈ မျိုးဆက် အဖွဲ့က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ