တနင်္သာရီမှာ KNU နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲဖြစ်

Image caption KNU ရဲတပ်ဖွဲ့ဟာ ရာဇဝတ်မှုတွေ၊ သစ်တော ထိန်းသိမ်းရေးတွေကို ဆောင်ရွက်နေတယ်လို့ ဆို

မြန်မာနိုင်ငံ တောင်ဖက်စွန်း တနင်္သာရီတိုင်း အတွင်းမှာ အစိုးရနဲ့ အပစ်ရပ်ထားတဲ့ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ တပ်ကို အစိုးရတပ်က တိုက်ခိုက်ခဲ့လို့ KNU စစ်သား ၂ဦး သေဆုံးသွားပါတယ်။

အစိုးရတပ်ဟာ တနင်္သာရီတိုင်းထဲကKNU တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၁ ကို အခုလ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ နှစ်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ KNU က ပြောပါတယ်။

တနင်္သာရီ ကမ်းရိုးတန်း တိုင်းမှူးက သူ့ရဲ့စစ်တိုင်း အတွင်းမှာ ရှိတဲ့ KNU တပ်မဟာ ၄ ဧရိယာမှာ KNU ရဲတပ်ဖွဲ့၊ သစ်တောဌာန စတာတွေ ထားတာကို လက်မခံဘူးလို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောကြားခဲ့ ပြီးတဲ့ နောက်ပိုင်းမှာ အခုလို တိုက်ခိုက်မှုတွေ ဖြစ်လာတာပါ။

KNU ရဲတပ်ဖွဲ့နဲ့ သစ်တောဌာနတွေဟာ အရင်ကတည်းက ရှိနေပြီး ရာဇ၀တ်မှုတွေ၊ သစ်တော ထိန်းသိမ်းရေးတွေကို ဆောင်ရွက်နေတာလို့ KNU က ဆိုပါတယ်။

ဒီလို ရန်စမှုတွေကို ကရင်ပြည်နယ်ထဲက နေရာ အတော်များများမှာ ကြုံတွေ့နေ ရပေမဲ့ KNUဖက်က ပြဿနာကို ရှောင်ရှားနေရတယ်လို့ ဖဒိုစောသောသီဘွဲက ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ အခုကိစ္စမှာ KNU ရဲတပ်ဖွဲ့ကို ဗြိတိန်ရဲ့ စကော့တလန်ယာ့ဒ်က ပြီးခဲ့တဲ့ လပိုင်းတုန်းက ရဲသင်တန်း ပေးခဲ့တဲ့ အပေါ်မှာ အစိုးရဖက်က မကြေနပ်ရာကနေ အခုလို ဖြစ်လာတာလို့ KNUနဲ့ အစိုးရ အပစ်ရပ် ငြိမ်းချမ်းရေးကို စောင့်ကြည့်နေတဲ့ အကဲခတ်တွေက သုံးသပ်ပါတယ်။