ဗြိတိသျှ သံတမန်တွေ ဦးဥတ္တရကို တွေ့ခွင့်ရ

  • 17 ဇွန် 2014
Protesters demand the release of U Ottara
Image caption သာသနာ့ရံသီ ကျောင်းက ဆရာတော် နှစ်ပါး ကို လွှတ်ဖို့ တောင်းဆို ဆန္ဒပြကြ

ပြီးခဲ့တဲ့ သီတင်းပတ်က မဟာသန္တိ သုခကျောင်းကို ရဲအင်အားနဲ့ ဝင်ရောက် စီးနင်းခဲ့ ပြီးနောက် အဓမ္မ လူဝတ်လဲပြီး အင်းစိန် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရ ထားတဲ့ လန်ဒန်မြို့ သာသနာ့ရံသီ ဝိဟာရ ကျောင်းက ဆရာတော် ဦးဥတ္တရကို မြန်မာ နိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးက သံတမန် နှစ်ယောက် ဇွန်လ ၁၇ ရက် အင်္ဂါနေ့က သွားရောက် တွေ့ဆုံခွင့် ရခဲ့ပါတယ်။

ဆရာတော်ဦးဥတ္တရကို ဥပဒေအရ ခုခံကာကွယ်ခွင့် ပေးဖို့နဲ့ သူ့ကို ရုံးထုတ်တဲ့ အခါ သံရုံးက ကိုယ်စားလှယ်တွေ ကိုလည်း တက်ရောက်ခွင့် ပေးဖို့ အစိုးရကို တောင်းဆို ထားတယ်လို့ သံရုံးပြောခွင့် ရသူက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ဦးဥတ္တရ အတွက် လိုအပ်ရင် ဆေးကုသမှု ခံယူခွင့်ပြုဖို့ကိုလည်း အစိုးရကို တိုက်တွန်း ထားတယ်လို့ ရန်ကုန်မြို့ ဗြိတိသျှ သံရုံးက ပြောရေးဆိုခွင့် ရှိသူ Joseph Fisher က ပြောပါတယ်။

ဦးဥတ္တရ အပါအဝင် ဖမ်းဆီး ထားတဲ့ သံဃာ ငါးပါးကို သောကြာနေ့မှာ ရုံးထုတ်မယ်လို့ သိရပေမဲ့ ဘယ်တရားရုံးမှာလဲ ဆိုတာတော့ မသိရသေးဘူးလို့ ဗြိတိသျှ သံရုံးက ပြောပါတယ်။

ထောင်တွင်းမှာ တွေ့မြင်ရတဲ့ အခြေအနေ နဲ့ပတ်သက်လို့လည်း သံရုံးက အသေးစိတ် ပြောဆိုခြင်း မရှိပါဘူး။

ဗြိတိန် နိုင်ငံသားဖြစ်တဲ့ ဦးဥတ္တရကို တွေ့ခွင့် ရခဲ့ ပေမဲ့ တခြား အဖမ်းခံ ထားရတဲ့ မြန်မာ နိုင်ငံသား သံဃာတွေနဲ့ ပတ်သက်လို့ တစုံတရာ မသိရကြောင်း သံရုံး ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။

လောလောဆယ်မှာ ဦးဥတ္တရ အပါအဝင် သံဃာ ငါးပါးကို ရမန် ယူပြီး ဖမ်းဆီး ထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ