မျိုးစောင့်ပွဲမှာ မဟုတ်မမှန် ဓာတ်ပုံသုံး

  • 18 ဇွန် 2014
race_protection_hate_speech
Image caption မျိုးစောင့်တရားပွဲ

မျိုးစောင့် ဥပဒေ နဲ့ ပက်သက်ပြီး ပွင့်ဖြူမြို့နယ် မှာ ပြုလုပ်ခဲ့ တဲ့ ဟောပြောပွဲ တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ပါတီ ကို အသရေ ပျက်အောင် ပြုလုပ်ခဲ့ တဲ့ အပြင်၊ ဘာသာရေး အမုန်းပွား အောင် လှုံ့ဆော်ခဲ့တယ် ဆိုပြီး တိုင်ကြား ထားတဲ့ အတွက်၊ ပွင့်ဖြူရဲစခန်း က အမှုကို စစ်ဆေးနေပါ တယ်။

ပွင့်ဖြူမြို့ အရှေ့ပိုင်းရပ် ပြည်လုံးချမ်းသာ ဘုရားကွင်း မှာ ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့ က ပြုလုပ်ခဲ့တဲ့ မျိုးချစ်စိတ် ရှင်သန် ထက်မြက်ရေး အသိပညာပေး ဟောပြောပွဲ ကို စီစဉ် ကျင်းပခဲ့ တဲ့ ဦးမျိုးသန့် ကို ပွင့်ဖြူမြို့နယ် NLD ပါတီဝင် ဦးအောင်ဝင်း က ပြီးခဲ့တဲ့ မေလ ၂၆ ရက် က ပွင့်ဖြူမြို့မ ရဲစခန်း မှာ တိုင်ကြားခဲ့တာ ပါ။

ဓာတ်ပုံ အတုတွေ ကို ကွန်ပြူတာ နည်းပညာ နဲ့ ဖန်တီး ပြုပြင်ပြီး လှုံ့ဆော်တာ ကို သက်သေ အထောက်အထား ယူပြီး တိုင်ကြားခဲ့ တာ ဖြစ်တယ်လို့ ဦးအောင်ဝင်း က ပြောပါတယ်။

ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်မိုးညို က ဒီကိစ္စ ကို မေလ ငါးရက်နေ့ NLD ပါတီ ဗဟို အလုပ် အမှုဆောင် အစည်းအဝေး မှာ တင်ပြတဲ့ အခါ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမှုဆောင် အဖွဲ့ က ဥပဒေအရ အရေးယူ ဆောင်ရွက် ဖို့ ဆုံးဖြတ်တဲ့ အတွက် အခုလို တိုင်ကြားတာ လို့ သိရပါ တယ်။

သက်ဆိုင်သူတွေ ကို ရဲက စစ်ဆေးပြီး၊ အမှုကို တည်ဆောက်ပြီးတဲ့ အခါကျမှ ဥပဒေ အရာရှိတွေက ဘယ်ပုဒ်မနဲ့ အရေးယူမယ် မယူဘူး ဆိုတာကို ဆက်လက် ဆုံးဖြတ်မယ်လို့ လည်း သိရပါတယ်။

မျိုးစောင့်ဥပဒေ ဟောပြောပွဲ စီစဉ်သူတွေထဲ မှာ နယ်ခံ ပြည်ခိုင်ဖြိုး ပါတီဝင် တွေ အဓိက ပါဝင်တယ် လို့ ဦးအောင်ဝင်းက ပြောပြီး၊ ဟောပြောပွဲ တက်ရောက် လာသူတွေ ကို ပွဲစီစဉ်သူတွေ က ကြိုပို့ကားတွေ စီစဉ်ပေးတာ တွေ၊ ထမင်းကျွေးတာ တွေ၊ ရေသန့်ဗူးတွေ ဝေငှတာတွေလည်း လုပ်ပေးခဲ့တယ် လို့ ဦးအောင်ဝင်းက ပြောခဲ့ပါ တယ်။

ဒီလို မျိုးစောင့်ဥပဒေ ဟောပြောပွဲ တွေ ပွင့်ဖြူမြို့နယ် မှာ ဆက်တိုက် ဆိုသလို ပြုလုပ် နေတယ် လို့ သတင်းတွေ ရနေပါ တယ်။

ပြီးခဲ့တဲ့ တစ်ပတ်က၊ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းအပိုင် ရွာတစ်ရွာ မှာ အမျိုးစောင့် တရားပွဲ ငါးရက် ဆက်တိုက် လုပ်ခဲ့ပါတယ်။ အဲဒီ့ နောက်ပိုင်း ဇွန်လ ၁၅ ရက် နေ့ မှာတော့ ရွာထဲက မွတ်ဆလင်အိမ်ကို ခဲနဲ့ ထုတာတွေ လုပ်လာကြတဲ့ အတွက်၊ ခံ၇သူ အိမ်ရှင်က ရဲကို တိုင်ကြားခဲ့ပါတယ်။

အတိုင်ခံရသူတွေ ဖြစ်တဲ့ ပွင့်ဖြူမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဝင် တွေလည်း ဖြစ်၊ ကုန်းဇောင်း ကျေးရွာ အုပ်ချုပ်ရေးမှုး ရဲ့ တပည့်တပန်း တွေ ဖြစ်ကြသူတွေ က လူစုပြီး၊ ဂျွန် ၁၆ ရက်နေ့ ညမှာ မွတ်ဆလင် နေအိမ်တွေထဲ ဝင်ပြီး ဖျက်ဆီးခဲ့တဲ့ အတွက်၊ နေအိမ်ငါးလုံး ပျက်စီးခဲ့တဲ့ အပြင်၊ အမျိုးသမီး ၁ ယောက် ဦးခေါင်း ကို အုတ်ခဲထိမှန် လို့ ခေါင်းကွဲပြီး ပွင့်ဖြူဆေးရုံ မှာ ငါးချက် ချုပ်ခဲ့ရပါတယ်။

နေအိမ်ဖျက်ဖို့ လူစု နေစဉ်ကတည်း က မြို့နယ်ရဲ ကို အကြောင်းကြားခဲ့ပေ မယ့် ကြိုတင်ကာကွယ် ဖို့ ဘာမှ ဆောင်ရွက် မပေးခဲ့ဘူး လို့ ခံရသူတွေဘက် က ပြောပါတယ်။

အခု အချိန်မှာတော့ အနီးအနား မြို့ရွာတွေ က အင်အားစုတွေကိုပါ စုဆောင်းပြီး ရဲအင်အား ၆၀ ကုန်းဇောင်း မှာ ချထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ