မိုးကြီးလို့ ရခိုင်မှာ လူသေဆုံး

  • 18 ဇွန် 2014
Floods in Rangoon on 12 June 2014
Image caption ပြီးခဲ့တဲ့ တပတ်က မိုးဆက်တိုက်ရွာလို့ ရန်ကုန် တစ်မြို့လုံးနီးပါး ရေကြီးရေလျှံဖြစ်

ရခိုင်ပြည်နယ် မှာ မိုးဆက်တိုက် ရွာပြီး မြေပြိုမှုတွေ ဖြစ်ခဲ့တဲ့ အတွက် ဇွန်လ ၁၈ ရက်နေ့က လူသေဆုံးမှုတွေ ရှိခဲ့ ပါတယ်။

မြောက်ဦးမြို့မှာ မိသားစုတစ်စုက မြေတူးနေတုန်း မြေတွေ ပြိုကျခဲ့တဲ့ အတွက် အသက် ၄၃ နှစ် အရွယ် မိခင်ဖြစ်သူနဲ့ ၄ နှစ် အရွယ် သားလေး သေဆုံးခဲ့ပါတယ်။

သေဆုံးသူရဲ့ သမီး ဖြစ်သူကတော့ ဒဏ်ရာ ရတဲ့ အတွက် ဆေးရုံတင် ကုသမှု ပေးနေပါတယ်။

အဲဒီ တစ်ရက်တည်းမှာပဲ ရေကြီးတဲ့ အတွက် ပေါက်တောမြို့၊ ပုဏ္ဏားကြီးရွာက အမျိုးသမီး နှစ်ယောက် ရေနစ် သေဆုံးခဲ့ ပါတယ်။

မိုးလေဝသပညာရှင် ဦးထွန်းလွင်ကတော့ ဂြိုလ်တုက တိုင်းထွာရရှိတဲ့ အချက် အလက်တွေ အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေလို့ မြန်မာနိုင်ငံ အောက်ပိုင်းမှာ အခု တပတ်အတွင်း စိုးရိမ်စရာ ကောင်းလောက်အောင် မိုးများနိုင်တယ်လို့ သတိပေးနေပါတယ်။

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ တစ်ပတ်လောက် မိုးဆက်ရွာမယ်လို့ ခန့်မှန်းကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ကလည်း ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ မြေနိမ့်ပိုင်း နေရာတွေနဲ့ လယ်ကွင်းတွေမှာ ရေတွေနစ်မြုပ်ခဲ့တဲ့ အတွေ့ အကြုံ ရှိခဲ့တာကြောင့် သတိထားဖို့ လိုတယ်လို့လည်း ဦးထွန်းလွင်က ပြောပါတယ်။

အန္တရာယ်အရှိနိုင်ဆုံး လို့ ပြောနိုင်တဲ့ မြို့တွေအနေနဲ့ ထားဝယ်၊ မအူပင်၊ ရန်ကုန်၊ ပဲခူးနဲ့ သထုံ စတဲ့မြို့တွေ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဒါတွေကို ကာကွယ်နိုင်ဖို့ နှစ်စဉ် ကြိုတင် လုပ်ဆောင်ရမယ့် ရေဝင်ရေထွက်ကောင်းအောင် လုပ်ဆောင်မှု၊ တာတမံ ဖောက်မှု တွေကို အုပ်ချုပ်ရေးပိုင်းနဲ့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ဌာနတွေက လုပ်ဆောင်သင့်တယ်လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ