ဒုက္ခသည် ကမ္ဘာမှာ ဘာကြောင့် ပိုတိုးလာသလဲ

  • 20 ဇွန် 2014
Kachin Refugees ဓာတ်ပုံ မူပိုင် AFP
Image caption ဒုက္ခသည်စခန်းတွေမှာ ကလေးတွေ ပညာရေး ကလည်း ခက်ခဲ

စစ်ပွဲတွေကြောင့် အိုးအိမ် စွန့် ထွက်ပြေးကြရသူ ပြီးခဲ့တဲ့နှစ်က သန်း ၅၀ ကျော် ခဲ့တယ်လို့ ရှိခဲ့တယ်လို့ ဇွန်လ ၂၀ ရက် ကမ္ဘာ့ ဒုက္ခသည်များနေ့မှာ ကုလသမဂ္ဂက ပြောလိုက် ပါတယ်။

မြန်မာ နိုင်ငံမှာလည်း ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် တို့မှာ ဒုက္ခသည်တွေ အများ အပြား ရှိနေတယ်လို့ သူတို့ကို ကူညီနေသူတွေက ပြောပါတယ်။

လောလောဆယ် တိုက်ပွဲတွေ ဖြစ်နေ သေးတဲ့ ကချင် ပြည်နယ်မှာ နိုင်ငံတဝန်းက ဒုက္ခသည်တွေထက် ပိုများတယ်လို့ ခန့်မှန်းကြောင်း ကချင်ပြည် အင်ဂျန်းယန် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောပါတယ်။

တိုက်ပွဲဖြစ်လို့ ထွက်ပြေးတာထက် တိုက်ပွဲဖြစ်မယ့် အရိပ်အယောင်ရှိလို့ တိမ်းရှောင်သူက ပိုများတယ်လို့လည်း သူက ပြောပါတယ်။

ကုလသမဂ္ဂနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ အကူအညီ ရရှိကြတဲ့ ဒုက္ခသည်စခန်းက လူတွေ အနေနဲ့ လောလောဆယ် စားရေးနေရေး ပြေလည်ပေမဲ့ သူတို့အိမ်ကိုပဲ ပြန်ချင် ကြတဲ့ စိတ်သောကတွေ ခံစား နေရတယ်လို့ လို့ ဗန်းမော်ခရိုင် လွယ်ကျယ် မြို့နယ် ပါကထောင် ဒုက္စသည် စခန်းက ဦးရှောင်လက ပြောပါတယ်။

ကိုယ့်နေရပ် ပြန်သွားနိုင်ပြီ ဆိုလို့ အရင်က ပြန်သွားခဲ့ကြတဲ့ ဒုက္ခသည်တွေက တိုက်ပွဲတွေ ထပ်ဖြစ်လို့ တခါ ပြန်ထွက်ပြေး ခဲ့ရဖူးတဲ့ အတွေ့ အကြုံတွေ ရှိခဲ့လို့ အခုတော့ နှစ်ဘက် တိုက်ပွဲတွေ လုံးဝ မဖြစ်တော့တာ သေချာမှသာ ဒုက္ခသည်တွေ အိမ်ပြန်ကြမယ်လို့လည်း သူက ပြောပါတယ်။

မြန်မာ နိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ် အတွင်းမှာလည်း လွန်ခဲ့တဲ့ နှစ်တွေ အတွင်း လူသေဆုံးတဲ့ အထိဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်ဆလင်တွေ နှစ်ဘက် စလုံးက အိုးအိမ်စွန့် ပြေးခဲ့ရတဲ့ ဒုက္ခသည်တွေ ရှိနေပါတယ်။

စစ်တွေ မြို့နယ် သက်ကယ်ပြင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ဒုက္ခသည် တစ်ယောက်က တော့ သူတို့မှာ စားစရာ ဝယ်ဖို့တောင် အနီးအနားက မွတ်ဆလင်စျေးမှာပဲ ဝယ်လို့ရပြီး အပြင်ထွက်လို့မရ၊ ကျန်းမာရေး အတွက် လုံလောက်တဲ့ အကူအညီမရှိ စတဲ့ အခက်အခဲတွေ ရှိနေတယ်လို့ ပြောပါတယ်။

မြန်မာ အစိုးရနဲ့ လူမျိုးစု လက်နက်ကိုင်တွေကြား အပစ်ရပ်ရေး သဘောတူညီမှုတွေ ရပြီးတဲ့နောက်မှာ ထိုင်းမြန်မာ နယ်စပ်က ဒုက္ခသည်စခန်းတွေကို အလှူရှင်တွေက အကူအညီတွေ သိပ်မပေး တော့တဲ့ အတွက် ဒုက္ခသည်တွေမှာ အခက်အခဲတွေ ရှိနေကြပါတယ်။

ဒါဟာ သူတို့ကို ကိုယ့်နေရပ်ပြန်ကြအောင် ဖိအားပေးတဲ့ သဘောလို့လည်း သူတို့က ယူဆနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ