တပ်မတော်အပေါ် ပြောတဲ့စကား ဝန်ကြီးတောင်းပန်

  • 21 ဇွန် 2014
ဓာတ်ပုံ မူပိုင် AP
Image caption ဝန်ကြီး ဦးအောင်မင်းရဲ့ စကားကြောင့် တပ်မတော်သားတွေ စိတ်အနှောက်အယှက် ဖြစ်ခဲ့ကြ

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ဝန်ကြီး ဦးအောင်မင်းက တပ်မတော် အပေါ်သူပြောခဲ့တဲ့ စကားတွေနဲ့ ပတ်သက်လို့ ဇွန်လ ၂၁ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ် တောင်းပန်စကား ပြောကြားလိုက်ပါတယ်။

UMFCCI အခမ်းအနားတခုမှာ ဝန်ကြီး ဦးအောင်မင်း က ကိုယ့်အချင်းချင်း ဖြစ်တဲ့ တိုက်ပွဲတွေအတွက် သူရဘွဲ့၊ သီဟသူရဘွဲ့တွေ ပေးဖို့ မလိုဘူးလို့ ပြောခဲ့တာကြောင့် လက်ရှိ တပ်မတော်သားတွေ၊ အငြိမ်းစား တပ်မတော် အရာရှိတွေ စိတ်အနှောက်အယှက် ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

၁၉၇၃ခုနှစ်မှာ သူရဲကောင်း မှတ်တမ်းဝင် အဖြစ် ချီးမြှင့်ခံ ခဲ့ရသူ ဝန်ကြီး အောင်မင်းက သူ့အနေနဲ့ တပ်မတော်သားတွေအပေါ် သစ္စာ ဖောက်တာမျိုး မရှိခဲ့သလို နောင်လည်း သစ္စာ ဖောက်မှာ မဟုတ်ကြောင်းနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ အစွမ်းကုန် ဆက် ဆောင်ရွက်သွားမယ်လို့ သူ့ရဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ဝင် အကြံပေး ဦးလှမောင်ရွှေကတော့ ဦးအောင်မင်းဟာ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား ငြိမ်းချမ်းရေး ဆောင်ရွက်ပေးနေသူ တဦးဖြစ်ပြီး အခုကိစ္စအတွက်လည်း တောင်းပန်သင့်တယ် ထင်လို့ တောင်းပန်ခဲ့ပြီး ဖြစ်တာကြောင့် ရှေ့လျှောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ထိခိုက်မှု ရှိမယ်လို့ မယူဆကြောင်း ပြောပါတယ်။