ဦးဆန်းဆင့်ကို သမ္မတရုံး အပြစ်ဆို

_u_ye_htut ဓာတ်ပုံ မူပိုင် AFP
Image caption သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်

ဂျွန်လ ၁၉ရက် သောကြာနေ့ က၊ သာသနာရေး ဝန်ကြီးနေရာ ကနေ ရပ်စဲ ခံခဲ့ရပြီး၊ အဂတိ လိုက်စားမှု နဲ့ စွပ်ဆွဲ ခံထားရ တဲ့၊ ဦးဆန်းဆင့် ဟာ၊ သံဃာတွေ အချင်းချင်း ကြားထဲမှာ ရော၊ သံဃာတွေ နဲ့ ပြည်သူတွေ အကြားမှာ ပါ၊ နားလည်မှု တွေ လွဲမှားအောင် အကြိမ်ကြိမ် ကျူးလွန်ခဲ့တယ် ဆိုပြီး၊ သမ္မတ ရဲ့ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် က ဆိုပါတယ်။

မဟာသန္တိသုခ ဘုန်းကြီးကျောင်း အရေးနဲ့ ပတ်သက်ပြီး၊ ဦးဆန်းဆင့် ကိုင်တွယ်ခဲ့ပုံ ကလည်း၊ ဦးဆန်းဆင့် အခုလို ရာထူးကနေ အဖယ်ရှား ခံလိုက်ရ တဲ့ အကြောင်းအရင်းတွေထဲ က တစ်ခု လို့ ဆိုပါတယ်။

ဒါပေမယ့်၊ သံဃာ ၅ ပါး ကို ဖမ်းဆီး ထိန်းသိမ်း ခဲ့တာကတော့၊ သံဃာမဟာ နာယက အဖွဲ့က ရဲစခန်းမှာ တိုင်တမ်း အမှုဖွင့်ခဲ့တာ ကြောင့်၊ ရဲတပ်ဖွဲ့အနေ နဲ့ ဆက်လက် အရေးယူ ဆောင်ရွက်ရတာ ဆိုပြီး၊ ဦးရဲထွဋ်က ပြောပါတယ်။

သံဃာတွေကို လူဝတ် လဲစေခဲ့မှု နဲ့ ပတ်သက်ပြီး တော့လည်း၊ အချူပ်ထဲ သင်္ကန်းနဲ့ ခေါ်ဆောင်ရမှာ မသင့်တော် လို့၊ လူဝတ်လဲပေးတာ လို့ သူယူဆကြောင်း၊ ပါရာဇိက ကျမှ ရဟန်းအဖြစ် က ရပ်စဲတာ ဖြစ်တယ်လို့ သူနားလည် ထားကြောင်း လည်း ဦးရဲထွဋ်က ပြောပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံမှာ သံဃာတွေဟာ ပြစ်မှုဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူ ခံရတဲ့အခါ၊ ဘာသာရေး ဝိနည်းအရ စမ်းစစ်ခြင်း မဟုတ်ပဲ၊ ရဟန်း အဖြစ်က ရပ်စဲခံရကြောင်း နားလည်ရပါတယ်။

ဒီလို သံဃာတွေကို ဖမ်းဆီးကာ၊ ကျောင်းကြီးကို ချိပ်ပိတ်အပြီး၊ အများပြည်သူ အကြား မကျေနပ်မှုတွေနဲ့ ဝေဖန်မှုတွေ တိုးမြင့်လာစေခဲ့တဲ့၊ ဦးအံ့မောင်ရဲ့ ပြောဆိုမှုအပါအဝင် သတင်းစာ ရှင်းလင်းပွဲကတော့၊ သမ္မတရဲ့ လမ်းညွှန်မှု မဟုတ်ပဲ၊ ဦးဆန်းဆင့်ရဲ့ သူသဘောနဲ့သူ လုပ်ဆောင်ခဲ့မှု အဖြစ်၊ ဦးရဲထွဋ်က ဘီဘီစီကို ပြောခဲ့ပါတယ်။

အခုတော့ အဖမ်းဆီးခံ သံဃာတွေဟာ၊ ၂၀ ရက်နေ့ မှာ ရုံးထုတ် ခံခဲ့ရာကနေ၊ အာမခံရနဲ့ ပြန်လွတ်လာကြပါတယ်။ ဒါပေမယ့်၊ အမှုကို ဆက်လက် ရင်ဆိုင်ရဦးမှာ ဖြစ်ပြီး၊ ဇွန်လ ၂၇ ရက်နေ့မှာ၊ နောက်ထပ် ရုံးချိန်း ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ