ရခိုင်တွေရဲ့ ဆန္ဒကို အကောင်အထည်ဖော်မယ်လို့ ဗိုလ်ချုပ် မောင်မောင်အုန်းပြော

  • 22 ဇွန် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်ရဲ့ နေရာမှာ ဗိုလ်ချုပ် မောင်မောင်အုန်းကို လျာထား

အခု ရက်ပိုင်းအတွင်း အစိုးရအဖွဲ့ ဝန်ကြီးနေရာ အပြောင်းအလဲတွေ ရှိခဲ့ရာမှာ နယ်စပ်ရေးရာ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းကို စစ်ဘက် မူလ တာဝန်တွေ ပြန်ထမ်းဆောင်ခိုင်း ခဲ့သလို ရခိုင်ပြည်နယ် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အဖြစ်လည်း အစားထိုး ခန့်အပ်လိုက်ပါတယ်။

ဗိုလ်ချုပ် မောင်မောင်အုန်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက နှုတ်ထွက်သွားခဲ့တဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်ရဲ့ နေရာမှာ အစားထိုး ခန့်အပ်ခံရမယ်လို့လည်း တစ်ပြေးနေသူ ဖြစ်ပါတယ်။

ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီး အတိမ်းအစောင်း မခံတဲ့ ရခိုင်ပြည်နယ်လို ဒေသမျိုးမှာ စစ်ဘက် ဆိုင်ရာ ပုဂ္ဂိုလ်တဦးက ပြည်နယ် ဝန်ကြီးချုပ် ရာထူး လွှဲပြောင်းယူမှာနဲ့ ပတ်သက်လို့ ရခိုင်ဒေသခံတချို့က စိုးရိမ်မကင်း ဖြစ်နေကြတာပါ။

ဗိုလ်ချုပ် မောင်မောင်အုန်းကတော့ သူဟာ ရခိုင်ဒေသ တည်ငြိမ်ဖို့ အတွက် မြို့မိ မြို့ဖ၊ သံဃာတော်တွေနဲ့ အတူ အချိန်အတော်ကြာ ထဲထဲဝင်ဝင် လက်တွဲ လုပ်ကိုင်ခဲ့ကြောင်း၊ ပြည်နယ် ဝန်ကြီးချုပ် ဖြစ်လာရင်လည်း သူ့ကိုယ်သူ ရခိုင် တိုင်းရင်းသား အဖြစ် မှတ်ယူပြီး မျှတမှု၊ ပွင့်လင်း မြင်သာမှုကို လိုလားနေတဲ့ ရခိုင် တိုင်းရင်းသားတွေရဲ့ ဆန္ဒကို အတတ်နိုင်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဘီဘီစီကို ပြောပါတယ်။