လူကုန်ကူးမှု အစီရင်ခံစာ ထိုင်းတုန့်ပြန်

human_trafficking_ ဓာတ်ပုံ မူပိုင် AFP
Image caption လူမှောင်ခိုကူးခံရတဲ့ သားကောင်တွေ

ထိုင်းနိုင်ငံကို အမေရိကန်နိုင်ငံ က လူကုန်ကူးမှု နဲ့ ပက်သက်ပြီး နာမည်ပျက်စာရင်း သွင်းခဲ့တဲ့ အပေါ် အလွန်အမင်း စိတ်ပျက်တယ် လို့ ထိုင်းအစိုးရ တာဝန်ရှိသူ တွေက တုံ့ပြန်ခဲ့ပါ တယ်။ ဒီဂျွန်လထဲ မှာပဲ ထုတ်ပြန်ခဲ့ တဲ့၊ အမေရိကန် နိုင်ငံခြားရေးဌာန ရဲ့ လူကုန်ကူးမှု နဲ့ ပတ်သက်တဲ့ နှစ်လည် အစီအရင်ခံစာ ထဲ၊ ထိုင်းနိုင်ငံကို လူကုန်ကူးမှု နဲ့ ပက်သက်ပြီး ကိုင်တွယ်ရာမှာ အခြေအနေ အဆိုးဝါးဆုံး နိုင်ငံအဖြစ် Tier 3 အဆင့်ထဲ ပြောင်းထည့်ပြီး အဆင့်နှိမ့်ချ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

လူကုန်ကူးမှုဟာ ခေတ်သစ် ကျွန်စံနစ် ဖြစ်တယ်လို့ ပြောခဲ့တဲ့၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက လူကုန်ကူးမှု လုပ်တဲ့သူတွေဟာ အပြစ်ဒဏ် မခံရဘဲ လွတ်မြောက် နေတာမျိုး မရှိသင့်ဘူး၊ လူကုန်ကူးမှုကို အဆုံးသတ်ပစ်ရမယ် လို့လည်း ဆိုပါတယ်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အမြဲတမ်း အတွင်းဝန် စီဟာဆက် ဖူးအမ်ကွက်ကယောင် ကတော့၊ ထိုင်းနိုင်ငံက အခု လူကုန်ကူးမှု ကို အခု တိုက်ဖျက်နေပါ တယ်၊ လုပ်သင့်တဲ့ အလုပ်ကို လုပ်နေတာ ဖြစ်တယ်၊ ဒီလို လုပ်တဲ့ အခါမှာလည်း လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှု အခြေခံမူတွေ အတိုင်းပဲ လုပ်တာ ဖြစ်ပြီး၊ ဘယ်နိုင်ငံက ဘယ်စံနှုန်း သတ်မှတ်ချက်ကြောင့် မှ အခုလို လုပ်တာ မဟုတ်ဘူး လို့ ၊ တုန့်ပြန်ခဲ့ပါ တယ်။

မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေ သန်းနဲ့ချီပြီး ရှိနေတဲ့ ထိုင်းနိုင်ငံမှာ ငါးလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းနဲ့ ရာဘာလုပ်ငန်းတွေ ဟာ မြန်မာ ရွှေ့ပြောင်းလုပ်သား တွေ အဓိက လုပ်ကိုင် တဲ့ လုပ်ငန်းခွင်တွေ ပါ။ အမေရိကန် နိုင်ငံခြားရေး ဌာန ရဲ့ အစီရင်ခံစာအရ အဲဒီ့ လုပ်ငန်းခွင် သုံးခုစလုံး ဟာ လူကုန်ကူးမှု အစီရင်ခံစာ အရ အဆိုးဝါးဆုံး လုပ်ငန်းခွင် တွေ ဖြစ်ကြပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သားတွေ အရေးကို ကူညီ ဆောင်ရွက်ပေးနေ တဲ့ ဦးကျော်သောင်း ကတော့၊ ထိုင်းနိုင်ငံမှာ လူမှောင်ခို အကူး အခံရဆုံး ဟာ မြန်မာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ လူမှောင်ခို ကူးမှု အဆိုးရွားဆုံး ဖြစ်ပေါ်နေတဲ့ နေရာတွေဟာ ချုံဘူရီ၊ မဟာချိုင် နဲ့ မယ်ခေါင်တံတားတွေ မှာ ဖြစ်တယ်လို့ လည်း ဦးကျော်သောင်း က ပြောပါတယ်။

ဒီ နယ်စပ်တလျှောက် မှာ ထိုင်းဒေသခံ အာဏာပိုင်တွေ ဟာ၊ လူမှောင်ခိုဂိုဏ်းတွေနဲ့ ထဲထဲဝင်ဝင် ပတ်သက်နေပြီး၊ အကျိုးအမြတ် ရယူ နေကြသလို၊ မြန်မာ အာဏာပိုင်တွေ ဘက်ကလည်း၊ လူမှောင်ခို ကူးခံနေရတာ နဲ့ ပတ်သက်ပြီး၊ ဘာမှ ထိထိရောက်ရောက် မကိုင်တွယ် မဖြေရှင်း ပေးနိုင်ဘူးလို့ လည်း၊ ဦးကျော်သောင်းက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေမှာပဲ၊ လက်ရှိ အာဏာသိမ်းစစ်တပ် က ထိုင်းနိုင်ငံမှာ ရှိတဲ့ တရားမဝင် ရွှေ့ပြောင်း လုပ်သားတွေကို ဖမ်းဆီး အရေးယူမယ် ဆိုပြီး၊ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေကြောင့်၊ သိန်းနဲ့ချီတဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေ၊ ထိုင်းနိုင်ငံထဲက ထွက်ပြေးခဲ့ကြသလို၊ မြန်မာ ရွှေ့ပြောင်း လုပ်သားတွေ ကြားထဲမှာ လည်း၊ စိုးရိမ်မှုတွေ ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့ပါ တယ်။

ဒါပေမယ့်၊ အခုတော့ မဟာချိုင်ဒေသ မှာ ရှိကြတဲ့၊ တရားမဝင် အလုပ်သမားတွေ ကို၊ လာမယ့် ဇူလိုင်လ ၁ ရက်နေ့က စပြီး၊ တရားဝင် အလုပ်လုပ်ခွင့် မှတ်ပုံတင် လျှောက်ထားနိုင် ဖို့၊ ထိုင်းပြည်ထဲရေး ဝန်ကြီးဌာန က စတင် ဆောင်ရွက်ပေးမှာ ဖြစ်တယ် ဆိုပြီး၊ စစ်ရေးချုပ် ဗိုလ်ချုပ်ကြီး စီရီချိုင်း ဒစ်ထါ့ကွန်းက ပြောလိုက်ပါ တယ်။

ဒီလို ဆောင်ရွက်ဖို့ကို၊ ဂျွန်လ ၂၁ရက် စနေနေ့က ပြုလုပ်ခဲ့တဲ့ နိုင်ငံခြားသား အလုပ်သမားများ စနစ်တကျဖြစ်ရေး အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။ နောက်ပိုင်းမှာလည်း၊ ထိုင်းနိုင်ငံအတွင်းက ခရိုင် ၂၂ ခုမှာ၊ အလုပ်သမား မှတ်ပုံတင်ခြင်း လုပ်ငန်းတွေ လုပ်သွားမယ် လို့ သိရပါတယ်။

ဗိုလ်ချုပ်ကြီး ဒစ်ထါ့ကွန်း ပြောတဲ့အထဲမှာ၊ နိုင်ငံခြားသား အလုပ်သမားတွေကို နှင်ထုတ်မယ် ဆိုတဲ့ မူဝါဒကို၊ လက်ရှိ ထိုင်းအာဏာပိုင်တွေ မကိုင်စွဲထားဘူး ဆိုတာ ပါသလို၊ ဒီလို မနှင်ထုတ်မယ့် အကြောင်းကို၊ အထူးသဖြင့်၊ ကမ္ဘောဒီးယားနယ်စပ် က ခရိုင်ဝန်တွေ အနေနဲ့၊ အများသိအောင် ရှင်းလင်း ပြောပြကြဖို့ လည်း၊ မှာကြားခဲ့ပါတယ်။

ဒီတစ်ကြိမ် အလုပ်သမား မှတ်ပုံတင်ခွင့်ပြုတဲ့ အခါ၊ အလုပ်သမား ၂ သန်း နီးပါး၊ မှတ်ပုံတင်လာကြလိမ့် ဆိုပြီး၊ ထိုင်းအာဏာပိုင်တွေ ဘက်က ခန့်မှန်းထားပါ တယ်။

ဒီလို ရွှေ့ပြောင်းလုပ်သားတွေ အရေးနဲ့ ပတ်သက်ပြီး၊ လက်ရှိ ထိုင်းအာဏာပိုင်တွေ ဖြေရှင်းဖို့ ကြိုးစား လာကြတာဟာ၊ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေး အပေါ်မှာရော ဘယ်လောက် သက်ရောက်မှု ရှိလာမလဲ ဆိုတာကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ