အကျဉ်းထောင် ဥပဒေ ပြင်ဆင်ဖို့ လွှတ်တော်မှာ ထပ်မံ တင်ပြ

  • 23 ဇွန် 2014
Image caption အကျဉ်းထောင် ဥပဒေ ပြင်ဆင်ရေးကို လွှတ်တော် အမတ် ဦးသိန်းညွန့် ထပ် အဆိုပြု တင်ပြ

အကျဉ်းထောင်ထဲမှာ ပုံစံထိုင်ခိုင်းတဲ့ကိစ္စ၊ ရဟန်းသံဃာတွေကို သင်္ကန်းချွတ်တဲ့ကိစ္စ အပါအဝင် ကိုလိုနီခေတ် ကတည်းက ရှိနေခဲ့တဲ့ အကျဉ်းထောင်တွင်း ဆိုးဝါးတဲ့ အခြေအနေတွေကို ပြင်ဆင်ပြီး လူရဲ့ ဖြစ်တည်မှုကို အသိအမှတ်ပြုတဲ့ အကျဉ်းထောင် ဥပဒေသစ် တခု ရေးဆွဲပေးဖို့ ဒီမိုကရေစီ ပါတီသစ်ရဲ့ သင်္ကန်းကျွန်း လွှတ်တော်အမတ် ဦးသိန်းညွန့်က ဒီကနေ့ တနင်္လာနေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ထပ်မံ တင်ပြခဲ့ပါတယ်။

အကျဉ်းထောင် ဥပဒေ ပြင်ပေးဖို့ အဋ္ဌမအကြိမ် ပြည်သူ့လွှတ်တော်ကတည်းက အဆို တင်သွင်းထားပေမယ့် ဖြစ်မလာတဲ့အတွက် အခု လွှတ်တော်မှာ ထပ်မံ အဆိုတင်သွင်းခဲ့တာလို့ဦးသိန်းညွန့်က ပြောပါတယ်။

ဝါရင့် နိုင်ငံရေးသမား အကျဉ်းသားဟောင်းတွေဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ ရက်စက်ပါပေ့ကွယ်၊ ဟံသာဝတီ သတင်းစာ ဆရာကြီး ဦးဝင်းတင်ရဲ့ ဘာလဲဟဲ့ လူ့ငရဲ၊ လူရွှင်တော် ဇာဂနာရဲ့ ဒုတိယ ဆိုတဲ့ ထောင်တွင်းက ရက်စက် ဆိုးဝါးတဲ့ အခြေအနေတွေအကြောင်း ရေးသားထားတဲ့ စာအုပ်တွေကို ကိုးကားပြီး တင်ပြ ပြောဆိုခဲ့တယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးကတော့ ဥပဒေကို ရှေ့နေချုပ်ရုံးအထိ တင်ပြီးကြောင်းနဲ့ နောက်လွှတ်တော်ကျရင် ပြင်ဆင်ထားတဲ့ ဥပဒေကို တင်ပြနိုင်ဖွယ် ရှိတယ်လို့ ဘီဘီစီကို ပြောပါတယ်။