ဦးဆန်းဆင့်ကို ဖမ်းထားမှု ဧရာဝတီတိုင်းသားတွေ မကျေနပ်

  • 24 ဇွန် 2014
ဓာတ်ပုံ မူပိုင် httpwww.mora.gov.mm
Image caption မဟာသန္တိသုခကျောင်းကို ဒုတိုင်းမှူး ဘဝမှာ ပန္နက်ချပြီး ဆောက်ခဲ့တာလို့ ဦးဆန်းဆင့် မနှစ်က ပြောခဲ့

ရာထူးက ဖယ်ရှားခံရ ပြီး အရေးယူခံရတဲ့ သာသနာရေး ပြည်ထောင်စု ဝန်ကြီးဦးဆန်းဆင့်ကို ထောက်ခံသူတွေက ဆန္ဒပြဖို့ ပြင်ဆင် နေကြပါတယ်။

ဒါဟာ ဝန်ကြီး အဆင့် အစိုးရ တာဝန်ရှိသူ တစ်ယောက်ဘက်က ပထမဆုံး အကြိမ် ပြည်သူလူထုက ရပ်တည် ပြတဲ့ လုပ်ဆောင်မှု ဖြစ်ပါတယ်။

ဖမ်းဆီး စစ်ဆေးခံ နေရတဲ့ သာသနာရေး ဝန်ကြီး ဦးဆန်းဆင့် အတွက် ရေကြည်၊ကျောင်းကုန်း၊ ကျုံပျော်၊ ကန်ကြီးထောင့်၊ ငပုတော၊ သာပေါင်းနဲ့ လပွတ္တာ စတဲ့ မြို့တွေက ဒေသခံ ၅၀၀ လောက် စုစည်းပြီး လာမယ့် ဇွန်လ ၃၀ ရက်နေ့မှာ ပုသိမ်မြို့က ဟစ်တိုင်မှာ သွားရောက် ဆန္ဒပြကြမယ်လို့ ဆန္ဒပြဖို့ စီစဉ်နေသူ HRWDN လူ့အခွင့် အရေး စောင့်ကြည့် ကာကွယ် မြှင့်တင်သူများ အဖွဲ့က ကိုထွန်းထွန်းဦးက ပြောပါတယ်။

ဦးဆန်းဆင့်ဟာ ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဌ တာဝန်ယူခဲ့ချိန်က ဒေသတွင်းက လူတွေရဲ့ လိုအပ်ချက် နစ်နာချက်တွေနဲ့ ပြဿနာတွေကို တာဝန်ကျေကျေ ဖြေရှင်းပေးခဲ့ရုံ သာမက သာသနာရေး ဝန်ကြီး အဖြစ် ရာထူး တိုးမြှင့်ခန့်အပ်ခံရတော့လည်း ဧရာဝတီတိုင်းက ပြည်သူတွေ သူ့ကို သွားရောက် အကူအညီ တောင်းခံရမှာ မားမားမတ်မတ် ရပ်တည် ဆောင်ရွက်ပေးသူ ဖြစ်တယ်လို့ သူက ပြောပါတယ်။

တစ်နိုင်ငံလုံးမှာ အကျင့်ပျက် ခြစားမှုတွေ ရှိနေချိန်မှာ ပြည်ထောင်စု ဝန်ကြီး တစ်ယောက်ကို အပြစ်ရှိမရှိ စစ်ဆေးပြီး မဆုံးဖြတ်သေးခင် ရုတ်တရက် ဖမ်းဆီး အရေးယူလိုက်တာက လူ့အခွင့် အရေး ချိုးဖောက်ခံရတာဖြစ်တယ်လို့ ကိုထွန်းထွန်းဦးက ပြောပါတယ်။

ဦးဆန်းဆင့် တိုင်း ဒေသကြီး လွှတ်တော် ဥက္ဉဌ တာဝန်ယူခဲ့စဉ်က လွှတ်တော် ဥက္ကဌ တာဝန်ကို အပြည့် အဝ ထမ်းဆောင်ခဲ့သူ ဖြစ်တယ်လို့ သူနဲ့ လွှတ်တော်မှာ အတူ လက်တွဲ အလုပ်လုပ်ခဲ့ဖူးသူ အန်အယ်လ်ဒီပါတီရဲ့ ဧရာဝတီတိုင်း ဒေသကြီး ရေကြည်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ လှမြတ်သွေးက ပြောပါတယ်။

ဒါ့အပြင် သူက ဦးဆန်းဆင့်ဟာ သူ့ဒေသ အတွင်းက ပြည်သူတွေ မတရား လုပ်ဆောင်ခံရတယ် ဆိုတာ သိရင် ဘယ်သူ့ မျက်နှာမှ မကြည့်ဘဲ ရဲရဲဝံ့ဝံ့ရပ်တည်ပေးသူ၊ ပါတီစွဲ ပုဂ္ဂိုလ်စွဲ မရှိသူ ဖြစ်တယ်လို့ ပြော ပါတယ်။

အခု စွပ်စွဲခံနေရတဲ့ အတိုင်း ဦးဆန်းဆင့်က တကယ်လုပ်ခဲ့တာ ဟုတ်မဟုတ် ဧရာဝတီတိုင်းသားတွေက ပွင့်ပွင့်လင်းလင်း သိမြင်လိုကြတယ်လို့ လည်း ဒေါက်တာ လှမြတ်သွေးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ