မန္တလေး-အင်ဖာ လေယာဉ်ခရီးစဉ် စတော့မယ်

  • 25 ဇွန် 2014
imphal_mandalay_airline
Image caption မန္တလေး-အင်ဖာ ပြေးဆွဲမယ့် လေကြောင်း

အိန္ဒိယနိုင်ငံ ၊ မဏိပူရ ပြည်နယ်က အင်ဖာမြို့ နဲ့၊ မြန်မာနိုင်ငံ မန္တလေးမြို့တို့ အကြား၊ ဒီနှစ်ထဲမှာပဲ တိုက်ရိုက် လေကြောင်းလိုင်း ပြေးဆွဲဖို့ နဲ့ ကားလိုင်းတွေ ပြေးဆွဲဖို့ နှစ်နိုင်ငံကြား စတင် ပြင်ဆင်နေ ကြပါတယ်။

ကားလိုင်း အနေနဲ့ကတော့ အောက်တိုဘာလထဲ မှာ စတင် ပြေးဆွဲဖို့ စီစဉ်နေသူတွေ ရှိပြီး၊ မန္တလေး-အင်ဖာ တိုက်ရိုက် လေကြောင်း ခရီးစဉ်ကို လာမယ့် ဇွန် ၂၇ ရက်နေ့မှာ စတင်ပြီး၊ တစ်ပတ် ၂ ရက် ပြေးဆွဲနိုင်ဖို့၊ Golden Myanmar လေကြောင်းလိုင်းက ကြိုးစားနေပေမယ့်၊ အိန္ဒိယ အာဏာပိုင်တွေ ဘက်က ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရဆဲ ဖြစ်တဲ့အတွက်၊ ရက်အနည်းငယ် နောက်ကျပြီးမှ စတင် နိုင်လိမ့်မယ် လို့ သိရပါတယ်။

မန္တလေးနဲ့ အင်ဖာအကြား၊ ကုန်သွယ်နေကြတဲ့ ကုန်သည်တွေ အသုံးပြုလာဖို့ အဓိက ရည်ရွယ်ပြီး ပြေးဆွဲပေးတာလို့ Golden Myanmar လေကြောင်းလိုင်းက ပြောပါတယ်။ မန္တလေး-အင်ဖာဟာ ၂၃၇ မိုင် ဝေးပြီး၊ လေယာဉ်ခရီး မိနစ် ၅၀ ဝန်းကျင်လောက် ရှိနိုင်ပါတယ်။

တမူး ကလေးနဲ့ ချင်းပြည်နယ်က ဒေသခံတွေ အဆိုအရတော့၊ အဲဒီ့ အရပ်ဒေသက သူတွေဟာ အင်ဖာကို ဆေးဝါးကုသမှု ခံယူဖို့ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားကြလေ့ရှိပေမယ့်၊ လေယဉ်စီးဖို့ မန္တလေးထိတော့ သွားဖြစ်မှာ မဟုတ်ကြောင်း ပြောပါတယ်။ ဒါပေမယ့်၊ တိုက်ရိုက် ကားလိုင်းတွေ ရှိလာရင်တော့၊ ခရီးသွားရ ပိုပြီး လွယ်ကူ လာနိုင်တယ်လို့ သုံးသပ်နေပါတယ်။

မြန်မာနဲ့ ထိစပ်နေ ပြီး၊ အိန္ဒိယရဲ့ အခြား ပြည်နယ်တွေနဲ့ နှိုင်းယှဉ်ရင် ဖွံ့ ဖြိုးမှုနှုန်း နည်းတဲ့ အာသံ မဏိပူရ မီဇိုရမ် စတဲ့ ပြည်နယ်တွေ ဖွံ့ဖြိုးလာဖို့ နဲ့၊ အာဆီယံ ဒေသတလွှားကို ကုန်သွယ်နိုင်ဖို့ အတွက်၊ အိန္ဒိယနိုင်ငံ ဘက်ကလည်း မြန်မာနိုင်ငံနဲ့ အကြား၊ ကူးသန်းသွားလာရေး ခရီးစဉ်တွေ တိုးချဲ့လိုနေ ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ