လာဘ်စားမှုနဲ့ ရဲအရာရှိကြီးတွေ အရေးယူခံရ

  • 28 ဇွန် 2014
Myanmar police
Image caption ရဲတပ်ဖွဲ့ကို လူထုဝန်ဆောင်မှု ပီပြင်အောင် အသွင်ပြောင်းနေတယ်လို့ ဆို

မူးယစ်ဆေးဝါးမှု၊ လောင်းကစားမှု၊ ကေတီဗီအနှိပ်ခန်းတွေနဲ့ ဆက်စပ်ပြီး အကျင့်ပျက်လာဘ်စားမှု စတဲ့ စွဲချက်တွေနဲ့ ရဲအရာရှိ ၄၀၀ ကျော်နဲ့ အခြားအဆင့် ၂၀၀ ကျော်ကို ဖမ်းဆီး အရေးယူထားပြီလို့ သောကြာနေ့က လွှတ်တော်မှာ ပြည်ထဲရေး ဒုတိယဝန်ကြီးက ပြောခဲ့ပါတယ်။

ဒါဟာ ၂၀၁၂ ကနေ ဒီနှစ်ဇွန်လထဲအထိ အရေးယူထားတဲ့ အရေအတွက် ဖြစ်ပါတယ်။

အရေးယူခံထားရသူတွေအထဲမှာ ဒုတိယရဲမှူးကြီး အဆင့်ရှိတဲ့ အရာရှိကြီးတွေလည်း ပါဝင်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ ဌာနကြီးမှူး ရဲမှူးချုပ် ဦးစိုးမြိုင်က ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေထဲမှာ အကျင့်ပျက်လာဘ်စားမှုတွေ ပပျောက်အောင် ပြည်သူလူထုက သတင်းပေးတိုင်ကြားကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်လို့ သူက ပြောပါတယ်။

ရဲဝန်ထမ်းတွေဖက်က လစာမလုံလောက်လို့ လာဘ်စားရတာပါလို့ အကြောင်းပြလို့ မရအောင်လည်း လစာအပြင်၊ ရိက္ခာနဲ့ ထောက်ပံ့ကြေးတွေလည်း ပံ့ပိုးပေးထားပြီး ဖြစ်တယ်၊ ယူနီဖောင်းဝတ်စုံတွေလည်း ပြည့်စုံအောင် ဖြည့်ဆည်းပေးနေတယ်လို့ ရဲမှူးချုပ်စိုးမြိုင်က ပြောပါတယ်။

အခုအခါ ပြည်သူကို ဗဟိုပြုတဲ့ ရဲတပ်ဖွဲ့ဖြစ်လာအောင် အသွင်ပြောင်း ဆောင်ရွက်နေပြီး ဒီအထဲမှာ ရဲစည်းကမ်း ကျင့်ဝတ်နဲ့ ညီညွတ်အောင် မလိုက်နာ နိုင်သူတွေကို ရဲ လုပ်ထုံးလုပ်နည်းနဲ့ အရေးယူမှာ ဖြစ်သလို ရာဇဝတ်မှု ကျူးလွန်ဖောက်ဖျက်ကြောင်း တွေ့ရရင်လည်း အရပ်ဖက် တရားရုံးတွေက စီရင် ပြစ်ဒဏ်ပေးတာကို ခံယူရလိမ့်မယ်လို့ သူက ပြောသွားပါတယ်။