နေပြည်တော် ကျောက်မျက်ပြပွဲ ရောင်းအားကောင်း

  • 29 ဇွန် 2014
Image caption ကျောက်စိမ်း၊ ပုလဲ နဲ့ ပတ္တမြား၊ နီလာ ကျောက်မျက် ရောင်းရ ငွေ ယူရိုငွေ သန်း(၂၁၀)ကျော် ရှိပြီ

နေပြည်တော် မှာ (၁၃)ရက်ကြာ ကျင်းပ နေတဲ့ မြန်မာ့ ကျောက်မျက် ပြပွဲက (၆)ရက်မြောက် နေ့မှာ ကျောက်စိမ်း၊ ပုလဲ နဲ့ ပတ္တမြား၊ နီလာ ကျောက်မျက် ရောင်းရ ငွေဟာ ယူရိုငွေ သန်း(၂၁၀)ကျော် ရှိနေပြီလို့ ကျောက်မျက် ပြပွဲ ဗဟိုကော်မတီက သတင်းထုတ်ပြန် ပါတယ်။

နှစ်စဉ် ဘီလျံနဲ့ ချီပြီး နိုင်ငံခြားဝင်ငွေ ရရှိ နေတဲ့ မြန်မာ့ ကျောက်မျက် ပြပွဲကို ပြည်တွင်း ပြည်ပက ကျောက်မျက် ကုန်သည်တွေ အများ အပြား လာရောက် ကြကာ၊ ယခင် နှစ်တွေက ထက် ခင်းကျင်း ပြသမှုနဲ့ ရောင်းချ မှုကို လျှော့ချ ထားပေမယ့် ကျောက်မျက် ရောင်းအားက အတော်လေး ကောင်းနေတာပါ။

ဒီထဲမှာ တရုတ် ကုန်သည် အများစုက ဝယ်ယူနေကြတဲ့ ကျောက်စိမ်း ရောင်းအားက အကောင်းဆုံး ဖြစ်နေပြီး ခုချိန်ထိတော့ ယူရိုငွေ သန်းပေါင်း (၁၉၀) ကျော် ရောင်းချထား ပါတယ်။

တရုတ်ကုန်သည် (၄၀၀၀)လောက် လာရောက် ကြတဲ့ ဒီနှစ်ပြပွဲမှာ ဒီကုန်သည်တွေက ပြည်တွင်း ပေါက်ဈေးထက် အဆမတန် ဈေးပိုပေး ဝယ်ယူ တာတွေလည်း ရှိနေ တယ်လို့ ကျောက်မျက် ကုန်သည် တစ်ဦး ဖြစ်တဲ့ ဦးသန်းစိုးက ပြောပါတယ်။ ပြပွဲမှာ လက်တပွေ့စာ မရှိတဲ့ အရွယ် အစား ကနေ အလေးချိန် (၃)တန်အထိ ရှိတဲ့ ကျောက်စိမ်း အရိုင်းတုံးတွေရဲ့ ကြမ်းခင်းဈေးက ယူရို ငွေ (၄)ထောင် ကနေ သန်း (၆၀) အထိ ဈေးခေါ် ရောင်းချ နေတာ ဖြစ်ပါတယ်။

ပတ္တမြား၊ နီလာ ကျောက်မျက် တွေ ကို ထိုင်းကုန်သည်တွေ နဲ့ ပုလဲကို ဂျပန် ကျောက်မျက် ကုန်သည်တွေက အများဆုံး ဝယ်ယူပါတယ်။ လက်တလော ကချင် ပြည်နယ် ဘက်မှာ ကျောက်စိမ်း တူးဖော်မှုတွေ ရပ်ထားတဲ့ အတွက် ဒီနှစ်ပြပွဲမှာ ကျောက်မျက် အတွဲတွေ လျှော့ပြီး ရောင်းချတာပါ။

တရုတ်၊ ဟောင်ကောင်၊ ယိုးဒယား၊ စင်္ကာပူ၊ ဂျပန်၊ စတဲ့ နိုင်ငံ တကာ နဲ့ ပြည်တွင်းက ရတနာကုန်သည် (၆) ထောင်ကျော် ရောက်ရှိ နေတဲ့ မြန်မာ့ ကျောက်မျက် ပြပွဲ မှာ ပြီးခဲ့တဲ့ နှစ်က ရောင်းအား ယူရိုငွေ (၂.၄၁)ဘီလျံ ရှိခဲ့ပြီး ဒီနှစ်မှာတော့ ကျောက်မျက် ရောင်းအား (၁.၅)ဘီလျံ လောက် ရှိနိုင် မယ်လို့ ခန့်မှန်း မှုတွေ လည်း ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ