မြစ်ဆုံဆည်စီမံကိန်းရဲ့ နောက်ဆက်တွဲ ဂယက်

_myitsone_dam_kachin ဓာတ်ပုံ မူပိုင် bbc
Image caption ကချင်ပြည်နယ်က မြစ်ဆုံဆည် စီမံကိန်း နေရာ

တရုတ်မြန်မာ ၂ နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှု တွေ ပိုလုပ်ကြမယ် ဆိုပြီး တရုတ်ပြည် ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန် လက်မှတ် ထိုးနေချိန်မှာပဲ၊ တရုတ်နိုင်ငံပိုင် CPI ကုမ္မဏီ ရဲ့ စီးပွားရေး လုပ်ငန်း တစ်ခုဖြစ် တဲ့ မြစ်ဆုံ ရေကာတာ စီမံကိန်း နဲ့ မလွတ်ကင်း လို့ ပြောင်းရွှေ့ ပေးခဲ့ရ တဲ့ ကျေးရွာတွေက ဒေသခံတွေ ဟာ၊ ပြောင်းရွှေ့ပြီး ၃ နှစ် ကြာတဲ့ အထိ၊ နေရာသစ် မှာ အခြေမကျပဲ အခက်အခဲ တွေနဲ့ ရင်ဆိုင် နေရပါတယ်။

တရုတ်ကုမ္မဏီ ရဲ့ မြစ်ဆုံ ရေကာတာ စီမံကိန်း ကြောင့် ပြောင်းရွှေ့ ပေးခဲ့ရတဲ့ ဒေသခံတွေ ကို စီမံကိန်းနဲ့ ဝေးတဲ့ နေရာတွေ မှာ စံပြကျေးရွာ တွေ တည်ဆောက်ပြီး နေရာချထား ပေးတာပါ။

၂၀၁၁ မှာ ဖျက်သိမ်းခံရတဲ့ မြစ်ဆုံ၊ တန်ဖရဲနဲ့ တချဲ့ပဒမ် ရွာသုံးရွာ ကို ပေါင်းပြီး နေရာ ပြန်ချပေးထားတဲ့ အောင်မြင်သာ စံပြကျေးရွာ မှာ မိသားစု သုံးရာကျော် ရှိပြီး၊ သိပ်မဝေးတဲ့ မလိယွန် စံပြ ကျေးရွာမှာတော့ အိမ်ထောင်စု တစ်ရာ ပတ်ဝန်းကျင် ရှိပါတယ်။ ရွှေ့ပြောင်းခံ ရွာသားတွေ အတွက် နေအိမ်တွေကို တရုတ်ကုမ္မဏီက ဆောက်လုပ် ပေးထားပါတယ်။

ဒါပေမယ့်၊ မိမိတို့ နေထိုင်ရာ အိုးအိမ်တွေကို သာမက၊ အသက်မွေး လုပ်ကိုင် စားသောက်ရာ တောင်ယာတွေ ကို စွန့်ခွာပြီး နေရာသစ်ကို ပြောင်းလာခဲ့ရ တဲ့ ရွာသားတွေဟာ အသက်ရှင် ရပ်တည်ရေးအတွက် လိုအပ်တဲ့ စိုက်ပျိုးမြေတွေ အခုထက်ထိ အစားထိုး မရသေး တာကြောင့် ရပ်တည်ရ ခက်ခဲနေတယ် ဆိုပြီး၊ မြစ်ဆုံရွာကနေ အောင်မြင်သာ စံပြကျေးရွာ ကို ပြောင်းရွှေ့လာ တဲ့ ဒေါ်ဂျာခေါင်န်က ပြောပါတယ်။

လုပ်ငန်းကိုင်ငန်း အဆင်မပြေတဲ့ ပြောင်းရွှေ့ခံ ရွာသားတွေကို CPI ကုမ္မဏီက ခွဲတမ်းနဲ့ ဆန်ထုတ် ပေးတယ်လို့ သိရပါတယ်။ ဒီလို တရုတ်ကုမ္မ ဏီက ထုတ်ပေးတဲ့ ဆန်ကို မှီခိုနေရတဲ့ အတွက်လည်း ရွာသားတွေဟာ ကုမ္မဏီက လိုသလို ထိမ်းချုပ်တာကို ခံနေရတယ်လို့ ဒေါ်ဂျာခေါင်န်က ဆိုပါတယ်။

မြစ်ဆုံရေကာတာ စီမံကိန်း လုံးဝရပ်တံ့ရေး လှုပ်ရှားမှုထဲမှာ ပါဝင်တဲ့ ဒေသခံ ရွာသားတွေကို၊ ဆန်ဖြတ်တောက်တာမျိုး CPI က အကြပ်ကိုင် ဆက်ဆံတယ်လို့ ဒေသခံတွေ အဆိုအရ သိရပါတယ်။ ပြောင်းရွှေ့ နေရာချပေးရာ ဝန်းကျင်မှာ လုပ်ကိုင် စားသောက်ဖို့ မဖြစ်နိုင်တော့တဲ့ အခါ၊ ဖားကန့်ကို သွားကြသူတွေ၊ တရုတ်ပြည်ထဲ သွားကြရသူတွေ နဲ့၊ ဒေသခံတွေဟာ ကိုယ့်နေရပ်ကို စွန့်ခွာပြီး အဝေးကို ထွက်သွား နေကြရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ