မန္တလေး ရုတ်ရုတ်သဲသဲ ဖြစ်မှု ပြန်တည်ငြိမ်

  • 2 ဇူလိုင် 2014
Image caption အခြေအနေကို ထိန်းနိုင်ဖို့ လုံခြုံရေး ရဲတပ်ဖွဲ့တွေ အများအပြား ချထား

အင်္ဂါနေ့ညက မန္တလေးမြို့မှာ လူစုလူဝေးနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့မှုဟာ ဗုဒ္ဓဟူးနေ့ မနက် ၃နာရီလောက်မှာတော့ တည်ငြိမ်စ ပြုသွားပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၈ရက်နေ့တုန်းက အိမ်ဖေါ် မိန်းကလေးတဦးကို မွတ်ဆလင် အလုပ်ရှင် နှစ်ဦးက ပျဉ်းမနားကို ခေါ်သွားပြီး မတရား ပြုကျင့်ခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ် ခဲ့ရာမှာ အင်္ဂါနေ့ ညနေပိုင်းလောက် မှာတော့ အဲဒီ အလုပ်ရှင်တွေ ပိုင်ဆိုင်တဲ့ လက်ဖက်ရည်ဆိုင်ရှေ့မှာ လူတွေ စုရုံးရောက်ရှိလာပြီး ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့တာပါ။

ခဲတွေနဲ့ အပြန်အလှန် ပစ်ပေါက်မှုတွေ ရှိခဲ့တဲ့အတွက် လုံခြုံရေး ရဲတပ်ဖွဲ့ အင်အား ထောင်နဲ့ချီ ချထားခဲ့ရပါတယ်။

ဒေါသ ဖြစ်နေကြတဲ့ လူအုပ်ကြီးကို ဂဋုန်နီ ဆရာတော် ဦးကာဝိဒနဲ့ သံဃာတွေက ထိန်းသိမ်း ဖြောင့်ဖျ ခဲ့ကြပါတယ်။

အဲဒီ လက်ဖက်ရည်ဆိုင် ပိုင်ရှင် မိသားစု ဘက်ကတော့ အိမ်ဖော်မလေးကို မတရား ပြုကျင့်တယ် ဆိုတာ မဟုတ်မှန်ကြောင်းနဲ့ ပျဉ်းမနားရဲစခန်းက တာဝန်ရှိသူတွေ ဆိုင်ကို လာရောက် ရှာဖွေတာတွေ လုပ်သွားပြီး ဖြစ်ကြောင်း ဘီဘီစီကို ပြောပါတယ်။