မန္တလေးမှာ ကာဖျူးထုတ် လုံခြုံရေးတင်းကြပ်

  • 4 ဇူလိုင် 2014
_mandalay_unrest ဓာတ်ပုံ မူပိုင် AFP
Image caption မန္တလေးက လုံခြုံရေး အဖွဲ့ဝင်တွေ

မန္တလေးမြို့မှာ ၂ ည ဆက်တိုက် အုပ်စုဖွဲ့ ဆူပူမှုတွေ ဖြစ်လာခဲ့ပြီး နောက်၊ ဇူလိုင် ၃ ရက် ကြာသာပတေးနေ့ ကတော့ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန် ထားပြီး လုံခြုံရေး တင်းကြပ် ထားပါတယ်။

ဒီဆူပူမှု အတွင်း အစိုးရ ဘက်က တာဝန်ယူ ထိန်းသိမ်းမှု နှောင့်နှေးတယ် လို့ ဝေဖန် ပြောဆို နေကြပေမယ့်၊ သာသနာရေး ဌာန သမ္မတ အကြံပေးနဲ့ မန္တလေး မြို့တော်ဝန်ဟောင်းလည်း ဖြစ်၊ မန္တလေးသားလည်း ဖြစ်တဲ့ ဦး စိန်ဝင်းအောင် ကတော့၊ လူမျိုးရေး ဘာသာရေးဆန် တဲ့ အဓိကရုဏ်းမျိုးတွေ ဆက်လက် မဖြစ်ပေါ်ရအောင်၊ ဘေးပယောဂတွေ ဝင်ရောက်မလာ ဖို့၊ မန္တလေး မြို့ခံတွေ အနေနဲ့ သဘောပေါက် ထားကြသလို၊ အာဏာပိုင်တွေ ဘက်ကလည်း၊ လိုအပ်တဲ့ နေရာတွေမှာ လုံခြုံရေး အပြည့်အဝ ချထားတယ် လို့ ဆိုပါတယ်။

မန္တလေးမြို့ဟာ ရှေးဘုရင်တွေ လက်ထက် ကတည်းက ဘာသာပေါင်းစုံ သဟဇာတပြု နေထိုင် လာခဲ့ကြတဲ့ မြို့ ဖြစ်ပါတယ်။ ဒီမြို့မှာ ဘာသာရေး ပဋိပက္ခ မဖြစ်အောင် စောင့်ကြည့် စောင့်ရှောက်နေကြတဲ့ ကြားထဲက ဖြစ်ပွားလာခဲ့တဲ့ ဘာသာရေး တင်းမာမှု ရန်ပွဲတွေကြောင့်၊ နောက်ထပ် ဆူပူ ဖျက်ဆီးမှု တွေ ဖြစ်လာမှာ ကို မြို့လူထုက ပူပန် စိုးရိမ် နေကြပါတယ်။

မန္တလေးမြို့ဟာ ဗုဒ္ဓဘာသာ ကိုးကွယ်သူတွေ အလေးအမြတ် ထားတဲ့ သာသနာ့ အဖွဲ့အစည်း နဲ့ ရဟန်းတော်တွေ များပြားတဲ့ မြို့ ဖြစ်ပါတယ်။ ရဟန်းတော်တွေရဲ့ မြို့ရွာ ထိန်းသိမ်းမှု ဟာလည်း မန္တလေးမှာ အရေးကြီးတဲ့ ကဏ္ဍက ရှိပါတယ်။

ဒါ့ကြောင့် ရဟန်းတော် တွေနဲ့ လူမှု အဖွဲ့အစည်းတွေ ဟာ၊ မိုးကောင်းကျောင်း အလယ်တိုက်မှာ လတ်တလော အခြေအနေတွေ နဲ့ ပတ်သက်ပြီး ဆွေးနွေး သွားကြဖို့ ရှိတယ် ဆိုပြီး၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဆောင်ရွက်နေ တဲ့ မြဝတီမင်းကြီးကျောင်း ဆရာတော် ဦးအရိယာဘိဝံသ က မိန့်ပါတယ်။

အခုလို ဘာသာပေါင်းစုံ အဖွဲ့အစည်းတွေ ပေါင်းစုပြီး ညီညွတ်ရေး အားထုတ်နေကြတဲ့ ကြားက၊ ဒီနှစ်ပိုင်းတွေ အတွင်း မြန်မာနိုင်ငံ တလွှား ဖြစ်ပွားနေခဲ့တဲ့ ဘာသာရေး အခြေခံ ပဋိပက္ခတွေနဲ့ ဆူပူ သောင်းကျန်းမှုတွေ ထပ်မံ ပေါ်ပေါက် လာမှာကို၊ လူနည်းစု အစ္စလာမ် ဘာသာဝင် တွေကရော တခြား ဘာသာဝင် တွေဘက်ကပါ ပူပန် စိုးရိမ်နေကြပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ