ပုသိမ်ကြီးမြို့နယ်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်

  • 4 ဇူလိုင် 2014
Image caption မငြိမ်သက်မှုတွေအတွင်း ရိုက်နှက်ခံရပြီး သေဆုံးသွားသူ ကိုထွန်းထွန်းရဲ့ အသုဘကို လူအများအပြား လိုက်ပါပို့ဆောင်ခဲ့

မန္တလေးတိုင်း ပုသိမ်ကြီး မြို့နယ်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပါတယ်။

ဇူလိုင်လ ၂ရက်နေ့ညတုန်းက မငြိမ်သက်မှုတွေ အတွင်း ရိုက်နှက်ခံရပြီး သေဆုံးသွားခဲ့တဲ့ ပုသိမ်ကြီး မြို့နယ်က ကိုထွန်းထွန်းရဲ့ အသုဘ ပို့ဆောင်သူတွေနဲ့ အတူ လိုက်ပါလာတဲ့ လူတချို့က မွတ်ဆလင် သချိုင်း အဆောက်အအုံ တချို့ကို ဖျက်ဆီးခဲ့အပြီး သောကြာနေ့ ညမှာ အခုလို ထုတ်ပြန်လိုက်တာပါ။

နာရေး လူမှု ကူညီရေး အသင်းရဲ့ ကားမောင်းသူ ကိုထွန်းထွန်းရဲ့ အသုဘကို လိုက်ပါ ပို့ဆောင်သူ အများအပြား ရှိခဲ့ပြီး ကားအစင်း နှစ်ရာကျော်၊ ဆိုင်ကယ် အစင်း သုံးရာနဲ့ လေးရာကြား ရှိခဲ့ပါတယ်။

လမ်းမှာ လူအနည်းအပါး ဆူပူ အော်ဟစ်မှုတွေ လုပ်ခဲ့ကြပြီး ကားတချို့ကို ဖျက်ဆီးခဲ့ ပေမယ့် အများစုကတော့ အေးအေးဆေးဆေး လိုက်ပါ ပို့ဆောင်ခဲ့ကြတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အသုဘ ပို့သူတွေ အေးအေးဆေးဆေး လိုက်ပါ ပို့ဆောင်ကြဖို့ လူမှု ကူညီရေး အသင်းရဲ့ ဆရာတော် ကိုယ်တိုင် အသံချဲ့စက်နဲ့ လိုက်လံ ထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကြာနီကန် သုဿန် အရောက်မှာတော့ အသုဘပို့ရာမှာ လိုက်ပါလာသူတချို့က မွတ်ဆလင်သင်္ချိုင်းမှာ ရှိတဲ့ မိဘမဲ့ အဆောက်အအုံတခုနဲ့ နားနေဆောင်ကို ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။

မနက်တုန်းကတော့ လက်နက်တွေ ဖွက်ထားတယ် ဆိုတဲ့ သတင်းတွေကြောင့် ဆိုပြီး မန္တလေးမြို့မှာ ရှိတဲ့ ဂျွန်းဗလီကျောင်းကို လုံခြုံရေး ရဲတွေ ၀င်ရောက် ရှာဖွေခဲ့ပြီး အစ္စလာမ် ဘာသာရေး ဆရာတဦး အပါအဝင် လူ၅ဦးကို ဖမ်းဆီး သွားခဲ့ပါတယ်။

လောက်စာလုံး၊ ဒါး၊ လှံတွေကိုလည်း သိမ်းဆည်းသွားခဲ့ကြောင်း၊ ဒါပေမယ့် ဒီပစ္စည်းတွေဟာ ကိုယ့်အသက် အိုးအိမ်ကို ကာကွယ်ဖို့ ကိုင်ဆောင်ထားတာတွေ ဖြစ်ကြောင်း ဗလီ ဂေါပက လူကြီးတဦးက ပြောပါတယ်။