ထိုင်းနဲ့ မြန်မာ ဗိုလ်ချုပ်ကြီးတွေ တွေ့ဆုံဆွေးနွေး

  • 4 ဇူလိုင် 2014
thai_myanmar_generals ဓာတ်ပုံ မူပိုင် AFP
Image caption မြန်မာ ကာချုပ် နဲ့ ထိုင်း အာဏာသိမ်း စစ်ခေါင်းဆောင် တွေ့

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟာ ထိုင်းနိုင်ငံကို ရောက်နေပြီး ဇူလိုင်လ ၄ ရက်နေ့မှာတော့ ထိုင်းကာကွယ်ရေး ဦးစီးချုပ်နဲ့ အာဏာသိမ်းခေါင်းဆောင် ကြည်တပ်ဦးစီးချုပ် တို့ကို သီးခြားစီတွေ့ဆုံပြီး နှစ်နိုင်ငံအရေး ဆွေးနွေးခဲ့ကြပါတယ်။ ထိုင်းစစ်တပ်က အာဏာသိမ်း တာကို နားလည်ပြီး နိုင်ငံရေးလမ်းပြမြေပုံအတိုင်း အောင်မြင်အောင် လုပ်နိုင်မယ်လို့ ယုံကြည်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုင်းစစ်ခေါင်းဆောင် တွေကို ပြောကြားခဲ့ ပါတယ်။

ထိုင်းအာဏာသိမ်းခေါင်းဆောင် ကြည်တပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာ့ယွတ် ကျန်းအိုးချားနဲ့ မွန်းလွဲပိုင်းမှာတွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံပွဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုင်းနိုင်ငံက အာဏာသိမ်းတဲ့အခြေအနေကို နားလည်ကြောင်းပြောခဲ့တယ်လို့ အာဏာသိမ်းအဖွဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝီရာ့ချွန်း စူခွန်းထပတီဖတ်ခ် ကပြန်ပြောပြပါတယ်။

နောက် ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားတွေကို ကြည့်ရှုစောင့်ရှောက်ပေးဖို့၊ နှစ်နိုင်ငံနယ်စပ် စီးပွားရေးဇုန် အောင်မြင်အောင်လုပ်ဖို့၊ ထိုင်းနဲ့မြန်မာတပ်မတော် ချစ်ခင်ရင်းနှီးမှုတည်တံ့ရေးတွေကို နှစ်ဖက် ပြောဆိုခဲ့ကြတယ်လို့ လည်းသိရပါတယ်။

မနက်ပိုင်းတုန်း ကတော့ ထိုင်းကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီး ထနာ့စတ်ခ် ပတီမားကောန်းနဲ့ တွေ့တုန်းကလည်း ထိုင်းစစ်တပ်က အာဏာသိမ်းတာကို နားလည်ကြောင်း မြန်မာစစ်တပ်အနေနဲ့လည်း ဒီလို အခြေအနေမျိုးနဲ့ ကြုံတွေခဲ့ရတာကြောင့် စာနာကြောင်း၊ ထိုင်းစစ်တပ်က ချမှတ်ထားတဲ့ နိုင်ငံရေး လမ်းပြမြေပုံ အတိုင်း အကောင်းဆုံးဖြစ်အောင် လုပ်သွားနိုင်မယ်လို့ ယုံကြည်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထောက်ခံအားပေးစကား ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ အမေရိကန်နဲ့ စစ်ရေးပူးတွဲလေ့ကျင့်တဲ့ Cobra Gold လေ့ကျင့်ပွဲမှာ မြန်မာစစ်တပ်က အခုနှစ် ပါဝင်ဖို့ကိုလည်း ထိုင်းကာကွယ်ရေးဦးစီးချုပ်က ဖိတ်ခေါ်လိုက်ပါတယ်။

ထိုင်းမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် မလေးရှား ကာကွယ်ရေးဦးစီးချုပ် ထိုင်းနိုင်ငံကို လာပြီးနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လာရောက်တာဖြစ်တယ်။

ဘန်ကောက်ပို့စ် သတင်းစာ စစ်ဘက်ဆိုင်ရာ သတင်းထောက် ဝပ်စနာ့ နာ့နွမ်းကတော့ ဒီခရီးစဉ်က အာဆီယံနိုင်ငံအတွင်း စစ်တပ်အချင်းချင်း အပြန်အလှန် နားလည်မှု ရှိတာကိုပြတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ သြဇာရှိသူလို့ ထိုင်းက မြင်ထားတာကြောင့် နှစ်နိုင်ငံ စစ်တပ်အချင်းချင်း နားလည်မှု တည်ဆောက်နိုင်တဲ့ အရေးကြီးတဲ့ခရီးစဉ်လို့ သူကဆိုပါတယ်။

အာဆီယံနိုင်ငံတွေမှာ စစ်တပ်ရဲ့အရှိန်အဝါ ရှိကြောင်းပြတဲ့ သဘောလည်း သက်ရောက်တယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုင်းစစ်တပ်အပေါ် ထောက်ခံပြောကြားတာဟာ မြန်မာနိုင်ငံလို စစ်အုပ်ချုပ်ရေး စံနစ်အောက်နေ မထွက်နိုင်အောင် ပြောတာလားလို့တောင် သတင်းထောက်တွေကြားမှာ အလွတ်သဘော ပြောကြသေးတယ်လို့ ဘန်ကောက်ပို့စ် သတင်းထောက် ဝပ်စနာက ပြောပါတယ်။