မန္တလေးကို ကာကွယ်ဖို့ စုစည်း ကြိုးစားနေ

  • 5 ဇူလိုင် 2014
_mandalay_unrest
Image caption လုံခြုံရေးတွေ ချထားရတဲ့ မန္တလေး

မန္တလေးမြို့ မှာ အကြမ်းဖက်မှု တွေ ထပ်မဖြစ်အောင် တားဆီးနိုင် ဖို့၊ ဘာသာပေါင်းစုံ ပါဝင်တဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး အဖွဲ့ကို၊ မိုးကောင်း ကျောင်းတိုက် မှာ ဇူလိုင် ၄ ရက် သောကြာနေ့ က ဖွဲ့စည်းလိုက်ပါတယ်။ ဒီ အဖွဲ့ကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းဖို့ ရာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တွေ အပါအဝင် ဘာသာပေါင်းစုံ က အဖွဲ့တွေ ဆက်လက် ဆွေးနွေးကြဦးမယ် လို့ သိရပါတယ်။

ဖြစ်ပေါ်ခဲ့တဲ့ မန္တလေး အကြမ်းဖက်မှုအတွင်း သေဆုံးခဲ့ရသူ တစ်ဦးရဲ့ အသုဘ အခမ်းအနားမှာ၊ ရန်လိုနေကြတဲ့သူတွေ ထောင်ချီစုဝေးခဲ့တဲ့ အတွက်၊ မြို့ကို အန္တရာယ်ပြုလာမယ့် အရေးက ကာကွယ်နိုင်အောင်၊ ဒီ ငြိမ်းချမ်းရေးအဖွဲ့ကို အရေးပေါ် ဖွဲ့လိုက်တာ ဖြစ်တယ် ဆိုပြီး၊ တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦး က ပြောပါတယ်။

မသမာသူတွေ လူစိမ်းတွေ အကြမ်းဖက် ရန်လိုသူတွေရဲ့ ဘေးက ကာကွယ်နိုင်ဖို့ အခုလို ပဋိပက္ခတန်ပြန်ရေး အရေးပေါ် အဖွဲ့ ဖွဲ့ဖြစ်ခဲ့တာ လို့လည်း ဆိုပါတယ်။

ဘာသာပေါင်းစုံ ချစ်ကြည် ရင်းနှီးစွာ အစဉ်အဆက် နေထိုင်ခဲ့ကြတဲ့ မန္တလေးမှာ၊ အရေးပေါ် အခြေအနေတွေ နဲ့ ကြုံတွေ့ရတိုင်း၊ သံဃာတော်တွေ ရဲ့ ရပ်ရွာ အပေါ် စောင့်ရှောက်မှု ခံယူခဲ့ကြရတာ ဖြစ်လို့၊ ထေရ်ကြီးဝါကြီး သံဃာတွေကိုပါ လျှောက်ထားပြီး၊ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး လုပ်ငန်းတွေ လုပ်ဆောင် သွားကြမယ် လို့ သိရပါတယ်။

အခုဆို မန္တလေးမှာ လုံခြုံရေး တင်းကြပ်ထားတဲ့ အပြင်၊ ဦးသိန်းသန်းဦး အဆိုအရ၊ ထိပ်တန်း စစ်ဘက် ခေါင်းဆောင်တွေ၊ ပြည်ထောင်စု အဆင့် ဝန်ကြီးတွေနဲ့ ပြည်ထဲရေး ဝန်ကြီးဌာနက အဆင့်မြင့် အရာရှိတွေ မန္တလေးကို ရောက်နေတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ