UNFCနဲ့ ပြည်တွင်းအင်အားစု ဘုံမူဝါဒတွေ တူ

  • 5 ဇူလိုင် 2014
unfc_thai_democraticforce
Image caption UNFC နဲ့ ပြည်တွင်း အင်အားစုတွေ

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ( UNFC ) နဲ့ ပြည်တွင်း ဒီမိုကရေစီ အင်အားစုတွေ အကြား ၂-ရက်တာ တွေ့ဆုံ ဆွေးနွေးပွဲ ကို၊ ထိုင်း-မြန်မာ နယ်စပ် တနေရာမှာ ကျင်းပ ပြီးစီးခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေ ပေါင်းစုထားတဲ့ UNFC နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ ပြည်တွင်း နိုင်ငံရေး အင်အားစုတွေကတော့၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် NLD ရဲ့ တိုင်းရင်းသားရေးရာ ကော်မီတီ၊ ၁၉၉၀ ရွေးကောက်ပွဲ အရွေးကောက်ခံ လွှတ်တော်အမတ်များ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း၊ ၈၈ ငွေရတု ဆုံးဖြတ်ချက် ဖော်ဆောင်ရေး ကော်မတီ၊ ညီညွတ်သော တိုင်းရင်းသား မဟာမိတ်အဖွဲ့ UNA တို့ ဖြစ်ပါတယ်။

ပြည်တွင်း အင်အားစုတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြား တူညီတဲ့ ငြိမ်းချမ်းရေး မူဝါဒတွေ ရှိပြီး၊ UNFC ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အပေါ်၊ နိုင်ငံရေး အင်အားစုတွေကလည်း ထောက်ခံတယ် လို့ UNFC ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်ဉက္ကာ ရဲ့ အဆိုအရ နားလည်ရပါတယ်။

ဒီလို ပြည်တွင်း နိုင်ငံရေး အင်အားစုတွေ ရဲ့ ထောက်ခံမှုကို ရတဲ့အတွက်လည်း၊ တိုင်းရင်းသား လက်နက်ကိုင်တွေ အနေနဲ့ အစိုးရ စစ်တပ်နဲ့ ဆွေးနွေးကြတဲ့အခါ၊ ကိုယ့် မူဝါဒ အပေါ် ခိုင်ခိုင်မာမာ ရပ်ဖို့နဲ့ တဘက်ကို တင်ပြဖို့ အားရှိရတယ် လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေ ဟာ၊ မကြခင်မှာ ကချင်လက်နက်ကိုင် အဖွဲ့ ကေအိုင်အေ အခြေစိုက်ရာ လိုင်ဇာမှာလည်း၊ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ဖို့ ရှိပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဉပဒေ ပြင်ဆင်ရေးနဲ့အတူ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းလာဖို့၊ အခု တွေ့ဆုံပွဲမှာ သဘောတူခဲ့ကြတယ် ဆိုပြီး၊ ၈၈ ငြိမ်းပွင့်က ဦးကိုကိုကြီးကတော့ ပြောပါတယ်။

ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ ကျင်းပမယ့် လိုင်ဇာ အစည်းဝေးကို ကြိုဆိုကြောင်းနဲ့ အဲဒီ့ အစည်းအဝေးက တဆင့် အားလုံးပါဝင်တဲ့ ပြည်ထောင်စု ညီလာခံကြီး တစ်ခု ဖြစ်လာတဲ့ အထိ၊ ဆက်လက် ကြိုးပမ်းကြဖို့ လည်း သဘောတူထားကြောင်း ပြောပါတယ်။

အခု ဆွေးနွေးပွဲက ရလိုက်တဲ့၊ ပြည်တွင်း ဒီမိုကရေစီ အင်အားစုတွေရဲ့ သဘောထားနဲ့ ရပ်တည်ချက်တွေဟာ၊ မကြာခင် ကျင်းပမယ့် လိုင်ဇာအစည်းအဝေး ကတဆင့်၊ တပြည်လုံး အပစ်အခတ် ရပ်စဲရေး ဖြစ်တဲ့အထိ အကျိုး သက်ရောက်နိုင်တယ် လို့ UNFC ခေါင်းဆောင်ပိုင်း က မျှော်လင့်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ